မြေတွေ ပြန်ပေးဖို့ သင်္ဃန်းကျွန်းဒေသခံတွေ တောင်းဆို
2013.02.11
၁၉၉၂ ခုနှစ်တုန်းက ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် အပိုင်း(၁)၊ (၂)၊ (၃) စိုက်ပျိုးရေး မြေကွက်တွေကို ရန်ကုန်တိုင်းစစ်ဌာနချုပ်က သိမ်းယူခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ဦးဆောင်သူတွေက ပြောခဲ့ပါတယ်။
ဒီကနေ့ သတင်းစာရှင်းလင်းပွဲကို ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့နဲ့ ဒေသခံတွေ ပူပေါင်းကျင်းပခဲ့တာဖြစ်ပါတယ်။
အသိမ်းခံရတဲ့ မြေနေရာတွေ ပြန်လည်ရရှိဖို့အတွက် သမ္မတ ဦးသိန်းစိန်၊ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လယ်ယာမြေများနဲ့ အခြားမြေများ စုံစမ်းစစ်ဆေးရေးကော်မရှင် ဦးတင်ထွဋ် တို့ထံ တင်ပြထားတယ်လို့ သတင်းစာရှင်းလင်းပွဲ ဦးဆောင်သူတွေက ပြောပါတယ်။
မြေဆုံးရှုံးခဲ့တဲ့ ဒေသခံတွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ (၂၇)ရက်နေ့ကလည်း ဆန္ဒဖော်ထုတ်ခဲ့ကြပါသေးတယ်။
အဲဒီ့တုန်းက ဆန္ဒပြပွဲကို ဦးဆောင်ခဲ့တဲ့ ဦးစိန်သန်း ဆိုသူကို သင်္ဃန်းကျွန်းရဲစခန်းက ဒီကနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအပြီးမှာ ထိန်းသိမ်းလိုက်တယ်လို့ ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့မှ ကိုဇေယျာလင်းက ပြောကြားပါတယ်။