သပိတ်ကျဉ်း မြို့နယ်အတွင်းက စစ်တပ်ပိုင်သိမ်းထားတဲ့ လယ်တွေပြန်ပေး
2013.02.10
အခုလို လယ်ယာမြေတွေ ပြန်လည်လုပ်ကိုင်ခွင့်ရတာနဲ့ပတ်သက်ပြီး ဝမ်းသာကြောင်း ဒေသခံတောင်သူ ဦးစိန်မောင် က RFA ကို အခုလိုပြောပါတယ်။
"ခလရ (၁၄၈) တပ်ရင်းကနေ သိမ်းဆည်းခဲ့တဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိလာပြီဆိုတော့ ကျွန်တော်တို့အနေနဲ့ ဝမ်းသာမိပါတယ်"
မနက်ဖြန်မှာတော့ ဒေသခံတောင်သူတွေဟာ မိမိပိုင်ဆိုင်တဲ့ လယ်ယာမြေတွေကို ပိုင်ဆိုင်ခွင့်ရရှိအောင် အထောက်အထား သွားရောက်ပြုလုပ်ကြမယ်လို့ ဒေသခံလယ်သမားတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ နောက်ဆုံးပတ်ထဲမှာ လွှတ်တော်လယ်ယာမြေ စုံစမ်းရေးကော်မရှင်နဲ့ ကာကွယ်ရေးဝန်ကြီးဌာနတို့ စစ်တပ်ပိုင်မြေအဖြစ် သိမ်းယူထားတဲ့ လယ်ယာမြေတွေကိစ္စ ဆွေးနွေးခဲ့ကြပါတယ်။
နှစ်ဖက်သဘောတူထားတဲ့အချက်က စစ်တပ်က မလိုအပ်ပဲသိမ်းဆည်းထားတဲ့ လယ်ယာမြေတွေကို တောင်သူလယ်သမားတွေထံ ပြန်ပေးဖို့ဆုံးဖြတ်ထားသလို တပ်က ဆက်လက်သိမ်းယူထားမယ့် လယ်ယာမြေတွေကိုလည်း ကာလပေါက်ဈေးအတိုင်း လျော်ကြေးပေးဖို့ပါရှိပါတယ်။
အဲဒီလို သဘောတူညီချက်တွေ ရှိခဲ့ပြီးနောက်ပိုင်း ဒီရက်ပိုင်းမှာ သိမ်းထားတဲ့ လယ်ယာမြေအချို့ကို ဒေသခံတွေထံ ပြန်လည်ပေးအပ်ဖို့ အကြောင်းကြားခဲ့တာလို့ သိရပါတယ်။