စစ်တပ်သိမ်းခဲ့တဲ့ ဧက ၂ သိန်းအတွက် ကော်မရှင်နဲ့ ပုလိပ်တောင်သူတွေတွေ့ဆုံ
2013.03.17
မန္တလေးတိုင်း၊ ပုလိပ်မြို့နယ်မှာရှိတဲ့ ကျေးရွာပေါင်း ၁၀ ရွာက လယ်ဧက ၂ သိန်းကျော်ကို စစ်တပ်ကနေ သိမ်းယူထားခဲ့တာနဲ့ ပတ်သက်ပြီးတော့ ပြည်သူ့လွှတ်တော် လယ်ယာမြေနှင့် အခြားမြေများ စုံစမ်းစစ်ဆေးရေးကော်မရှင်နဲ့ တောင်သူ ၂၀၀ ကျော်တို့ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
စစ်တပ်ကနေ လယ်ယာမြေသိမ်းတဲ့ကိစ္စရပ်တွေကို ဖြေရှင်းပေးဖို့အတွက် တောင်သူတွေနဲ့ အခုလိုတွေ့ဆုံခဲ့တာလို့ လယ်ယာမြေနှင့် အခြားမြေများ စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင် ဒေါ်ခင်ဝိုင်းကြည်က RFA ကို ပြောပါတယ်။
"တပ်မတော်က သိမ်းထားတဲ့ဟာနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုဆောင်ရွက်ထားတယ်ဆိုတာ သိချင်တယ်လို့ အဲ့လိုပြောတာ ကော်မရှင်ကနေပြီးတော့ ပထမအစီရင်ခံစာ နံပါတ် ၁ အနေနဲ့ တပ်မတော်နဲ့ ပတ်သက်တာတွေ တင်ထားပြီးသားလေ၊ အားလုံးသိမ်းထားတာ"
အဲ့ဒီလယ်မြေတွေကို ၁၉၈၈ ခုနှစ် နောက်ပိုင်းစစ်တပ်က သိမ်းဆည်းခဲ့တာဖြစ်ပြီး လယ်တစ်ဧကကို ငွေကျပ် ၅ ထောင်ပေးခဲ့ပေမယ့် တောင်သူအများစုကတော့ မရရှိခဲ့ကြဘူးလို့ ဆိုပါတယ်။
အလားတူ လယ်မြေသိမ်းဆည်းခံထားရတာတွေနဲ့ ပတ်သက်ပြီး ကောင်မရှင်ကို တရားဝင်တင်ပြထားတာတွေရှိပေမယ့် တချို့တောင်သူတွေကတော့ တင်ပြတိုင်ကြားတာတွေ မပြုလုပ်သေးဘူးလို့ သိရပါတယ်။