ကာချုပ်ပြောတယ်ဆိုတာ မဟုတ်ကြောင်း ငြင်းဆို
2018.06.27

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က အာဏာသိမ်းမယ်လို့ ပြောဆိုခဲ့တာ မဟုတ်သလို ဒေါသတကြီး ပြောဆိုခဲ့တာလည်း မရှိကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ပြောပါတယ်။
နိုင်ငံတော်သမ္မတအိမ်တော်မှာ ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့ကကျင်းပတဲ့ လုံခြုံရေးဆိုင်ရာ အထူးအစည်းအဝေးမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က အာဏာသိမ်းဖို့ ပြောခဲ့ကြောင်း နဲ့ ဒေါသတကြီး ပြောဆိုခဲ့တယ်ဆိုပြီး နိုင်ငံခြား ဆောင်းပါးရှင် Larry Jagan လယ်ရီဂျာဂင်က ဇွန်လ ၂၃ ရက်က Bangkok Post ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးသားခဲ့ပါတယ်။
အဲဒီလိုရေးသားခဲ့တဲ့အပေါ် ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သတင်းမီဒီယာတွေကို ရှင်းပြတာ ဖြစ်ပါတယ်။ အဲဒီနေ့က အစည်းအဝေးဟာ ချောချောမွေ့မွေ့နဲ့ ပြေပြေလည်လည်ဖြစ်တယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ARSA အဖွဲ့ရဲ့တိုက်ခိုက်မှုနောက်ပိုင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးဖို့အတွက် အစိုးရက ဖွဲ့စည်းမယ့် စုံစမ်းရေးကော်မရှင်မှာ နိုင်ငံတကာကပုဂ္ဂိုလ်ကြီးတစ်ဦး ပါဝင်မယ့်ကိစ္စကို တပ်မတော်ဘက်က သဘောထားဘယ်လိုရှိလဲဆိုတာကိုတော့ ဦးဇော်ဌေးက မဖြေကြားခဲ့ပါဘူး။
အဲဒီစုံစမ်းရေးကော်မရှင်ကို ပြည်တွင်းက လူပုဂ္ဂိုလ်တွေနဲ့သာ ဖွဲ့စည်းဖို့ အဆိုကို ဇွန်လ ၆ ရက်က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်တစ်ဦးက လွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။
အဆိုကို မဆွေးနွေးမီ ဇွန်လ ၈ ရက်နေ့က နိုင်ငံတော်သမ္မတအိမ်တော်မှာ သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယသမ္မတတွေ၊ လွှတ်တော်ဥက္ကဌတွေ၊ ဝန်ကြီးအချို့အပါအဝင် လုံခြုံရေးဆိုင်ရာအထူးအစည်းအဝေး ကျင်းပခဲ့တာပါ။