ကာကွယ်ရေးဘတ်ဂျက် တိုးမြှင့်တောင်းခံမှု လွှတ်တော်မှာ ကန့်ကွက်ဆွေးနွေး


2014.10.24
army-day-305.jpg နေပြည်တော်မှာကျင်းပတဲ့ ၆၈ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားမှာ စစ်ရေးပြချီတက်လာတဲ့ သံချပ်ကာကားတွေ ကို တွေ့ရစဉ်
Photo: RFA

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် ကာကွယ်ရေးဝန်ကြီး ဌာနက တောင်းခံတဲ့ ဘဏ္ဍာငွေနဲ့ ပတ်သက် ပြီး ပြည်ထောင်စု လွှတ်တော်မှာ လွှတ်တော် ကိုယ်စားလှယ်တချို့က ဒီနေ့ ကန့်ကွက်ဆွေးနွေး ခဲ့ကြပါတယ်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ သတ္တုတွင်းတွေ လုံခြုံရေးအတွက် ဘတ်ဂျက်ငွေ ထည့်သွင်းတောင်းခံ ထားတာဟာ မဖြစ်သင့်တဲ့အကြောင်း အခုလိုဆွေးနွေးခဲ့ ပါတယ်။

"ကာကွယ်ရေးဝန်ကြီးဌာနက သတ္တုတွင်းတွေ လုံခြုံရေးအတွက် တပ်ရင်း ၄ ရင်းစာကို ပေးရ တယ်ဆိုရင် မိတ္ထီလာမှာသွားပြီးတော့ ထိန်းသိမ်းတဲ့ တပ်အတွက် ပြည်ထဲရေးကပေးရမှာလား၊ ရခိုင်ပြည် နယ်မှာ သွားပြီးတော့ လုံခြုံရေးသွားလုပ်တဲ့ တပ်တွေအတွက် ဘယ်ဌာနကပေးမလဲ၊ ဒါဆိုရင် ကျနော်တို့ ထွေပြား ရှုပ်ထွေးမှုရှိပါတယ်၊ တစ်နိုင်ငံလုံးရဲ့ လုံခြုံရေးဟာ တပ်မတော်မှာ တာဝန်ရှိပါတယ်၊ တစ်နိုင်ငံလုံးရဲ့ လုံခြုံရေးကို လုပ်နေရဲ့သားနဲ့ သတ္တုတွင်းကို လုံခြုံရေးလုပ်နေတဲ့ ၄ ရင်းစာကို သတ္တုတွင်းက တောင်းရတာတို့၊ သစ်တော လုံခြုံရေးလုပ်တဲ့သူက တောင်းရတာတို့ဆိုတာ ဒီခေတ်စနစ်မှာတော့ မကိုက်ညီတော့တဲ့အတွက်ကြောင့် မို့ နောင်လာမယ့် ဘတ်ဂျက်တွေမှာတော့ သတ္တုတွင်းက ဘတ်ဂျက်ကိုယူသုံးမယ့်အစား မိမိတို့ရဲ့ ကာကွယ်ရေး ဌာနကသာလျှင် ထည့်သွင်းပြီးတော့ ရေးဆွဲသင့်ပါတယ်လို့ အကြံပေးဆွေးနွေးရင်း နိဂုံးချုပ်ပါတယ်"

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းဝါနုက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ကျင်းပနေချိန်မှာ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ စစ်ဆင်ရေးအတွက် အသုံးစရိတ်တောင်းခံထားတာကို အခုလို ကန့်ကွက်ခဲ့ပါတယ်။

"နောက်ထပ်ဘဏ္ဍာငွေသုံးစွဲရေး ဥပဒေကြမ်းမှာ စစ်ဆင်ရေး အသုံးစရိတ်များကိုသာဖော်ပြပြီး စစ်ဆင်ရေး အသုံးစရိတ်များကို တိုးမြှင့်တောင်းခံလာတာကို တွေ့မြင်နေရပါတယ်၊ ယခုအချိန်ကာလဟာ နိုင်ငံတော် ပြုပြင်ပြောင်းလဲရေး ဒီမိုကရေစီစနစ်ဖော်ဆောင်ရေး စစ်မှန်တဲ့ငြိမ်းချမ်းရေးကို ဖော်ဆောင်နေ ဆဲကာလဖြစ်တဲ့အတွက် စစ်ဆင်ရေးအသုံးစရိတ် တိုးမြှင့်တောင်းခံလာခြင်းက သင့်လျော်မှုမရှိပါ"

လာမယ့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စုရဲ့ ဖြည့်စွက်ငွေစာရင်းနဲ့ နောက်ထပ်ဘဏ္ဍာ ငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၀ ရက်နေ့က ဘဏ္ဍာရေးဝန်ကြီးဌာနက တင်သွင်းခဲ့တာဖြစ်ပါတယ်။

အဲဒီဥပဒေကြမ်းမှာ ပြည်ထောင်စုအဆင့်ဝန်ကြီးဌာန ၂၉ ခုရဲ့ တောင်းခံငွေဟာ ကျပ်သန်းပေါင်း ၂၀၀၀ ကျော်ရှိတယ်လို့ ပါရှိပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနတစ်ခုတည်းရဲ့ ထပ်တိုးတောင်းခံတဲ့ ပမာဏကိုတော့ RFA က မသိရှိရသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။