နမ္မတူမြို့နယ်မှာ တပ်မတော်နဲ့ SSPP၊ TNLA ပူးပေါင်းအဖွဲ့ တိုက်ပွဲဖြစ်


2019.03.28
minemu2.jpg

နမ္မတူမြို့နယ် မိုင်းမုကျေးရွာမှာ လက်နက်ကြီးကျရောက်တာကြောင့် မီးလောင်ပျက်စီးသွားတဲ့အိမ်ကို ၂၀၁၉ မတ် ၂၈ ရက်နေ့က တွေ့ရစဉ် ( Photo: Kan Thar/RFA )

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် မိုင်းမုရွာအနီးမှာ တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ မနေ့ မနက်ကစပြီး တိုက်ပွဲဖြစ်ပွားနေတာ ဒီနေ့ထိ ပစ်ခတ်တိုက်ခိုက်သံတွေ ကြားနေရဆဲဖြစ်ကြောင်း ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

ဒီမနက် ၁၀ နာရီလောက်မှာ ဆန်ခါကျေးရွာတဝိုက် တပ်စွဲထားတဲ့ မဟာမိတ်အဖွဲ့တွေကို တပ်မတော်ဘက်က လေယာဉ်နဲ့ လာရောက်ပစ်ခတ်သလို နမ္မတူအခြေစိုက်တပ်တွေကနေ လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေသံကိုကြားနေရပါတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ TNLA ပူးပေါင်းတပ်ဖွဲ့နဲ့ တပ်မတော်တို့ တိုက်ပွဲဖြစ်နေတာဖြစ်ပြီး မိုင်းမုရွာအတွင်း မနေ့က လက်နက်ကြီးကျရောက်ပြီး နေအိမ် ၂ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ ဘယ်အဖွဲ့ကပစ်တဲ့ လက်နက်ကြီးတွေကြောင့် မီးလောင်ပျက်စီးခဲ့သလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဒါကြောင့် မိုင်းမုရွာ၊ ကောင်းဟုန်းရွာနဲ့ လုံမိတ်ရွာက ရွာသားနှစ်ရာကျော်ဟာ မန်စံကျေးရွာကို ထွက်ပြေးခိုလှုံနေကြ ပါတယ်။

မိုင်းမုနဲ့ ဆန်ခါရွာကြား လုံမိတ်ရွာမှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေက ခရီးသွားတွေကို စစ်ဆေးမှုရှိနေပြီး မိုင်မုရွာမှာတော့ တပ်မတော် စစ်ကြောင်းနဲ့ RCSS အဖွဲ့တွေ ရှိနေတဲ့အတွက် တိုက်ပွဲတွေ ပိုမိုပြင်းထန်လာမှာကို ရွာသားတွေက စိုးရိမ်နေကြပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့နေရာဟာ တပ်မတော်က ဧပြီလကုန်ထိ အပစ်ရပ်ကြေညာထားတဲ့ စစ်ဌာနချုပ် နယ်မြေ ၅ ခုထဲမှာ ပါဝင်ပြီး ဘာကြောင့် တိုက်ပွဲဖြစ်ပွားတယ်ဆိုတာကို တပ်မတော် ပြောရေးဆိုခွင့်ရှိသူတွေနဲ့ မြောက်ပိုင်းမဟာမိတ် အဖွဲ့တွေကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။