ခရစ်ယာန်သင်းအုပ်ဆရာ နှစ်ဦး အကြောင်း ကာကွယ်ရေး ဦးစီးချုပ်ရုံး သတင်းထုတ်ပြန်


2017.01.20
two-kbc-622.jpg တပ်မတော်က ဖမ်းဆီးထားတဲ့ ဦးဒီဒီနောင်လတ်နဲ့ ဦးလမ်ဂျော်ဂမ်ဆိုင်းတို့ကို တွေ့ရစဉ်
ဓါတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့နယ် ဥက္ကဌ ဦးဒီဒီနောင်လတ်နဲ့ သင်းအုပ်ဆရာ ဦးလန်ဂျော်ဂမ်ဆိုင်း တို့ကို မုံးကိုးမြို့တိုက်ပွဲတွေအတွင်း မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေကို ထောက်ပံ့ခဲ့တဲ့အတွက် ပြီးခဲ့တဲ့ ၂၀၁၆ ဒီဇင်ဘာ ၂၄ ရက်နေ့က ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက မနေ့က သတင်းထုတ်ပြန်လိုက် ပါတယ်။

တပ်မတော်ရဲ့ ထုတ်ပြန်ချက်ပါ စွပ်စွဲချက်တွေအတိုင်းဆိုရင် အဲဒီဒေသမှာရှိတဲ့သူတွေအကုန်လုံးကို ဖမ်းဆီးရမယ့် သဘောဖြစ်နေပြီး အဲဒီစွပ်စွဲချက်တွေကို တရားရုံးတင်စစ်ဆေးမှသာ ဖြေရှင်းချက်ထုတ်နိုင်မယ်လို့ ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းချုပ် KBC အတွင်းရေးမှူး ဦးခလမ်ဆမ်ဆွန် ကပြောပါတယ်။

"အဲဒီဒေသမှာရှိတဲ့သူတွေကတော့ ဘယ်သူမှမလွတ်ကင်းပါဘူး။ ဘာလို့လဲဆိုတော့ အားလုံးနဲ့ ဆက်ဆံနေရတဲ့သူဆိုတော့ ဖမ်းမယ်ဆိုရင် အားလုံးကိုဖမ်းဖို့ပဲရှိတာပေါ့၊ ဘာကြောင့်လဲဆိုတော့ ဆွေမျိုး သားချင်းတွေ ညီအကိုမောင်နှမတွေ ဆက်စပ်နေကြတာကို တရားရုံးကိုရောက်မှပဲ ဒါတွေကို ဖြေရှင်း လို့ရမှာပေါ့"

သူတို့ နှစ်ဦးဟာ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေကို ငွေကြေးကူညီထောက်ပံ့တာ၊ သတင်းပေးတာ၊ လူသစ် စုဆောင်းပေးတာ၊ မဟုတ်မမှန်ဝါဒဖြန့်တာတွေ လုပ်ဆောင်တဲ့အတွက် ဖမ်းဆီးစစ်ဆေးနေတာဖြစ်တယ်လို့ တပ်မတော်ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မုံးကိုးမြို့နယ် နှစ်ခြင်းခရစ်ယာန်အသင်း ဥက္ကဌ ဦးဒီဒီနောင်လတ်ဟာ အရင်က မုံးကိုးကာကွယ်ရေးတပ်မှာ အုပ်ချုပ်ရေးမှူးတာဝန်ထမ်းဆောင်ဖူးခဲ့ပြီး KIA တပ်မဟာ ၆ ရဲ့ ဆုတောင်းပွဲ၊ တာဝန်လွှဲပြောင်းပေးအပ်ပွဲတွေကို တက်ရောက်ခဲ့ကြောင်း၊ ဒါ့အပြင် KIA တပ်ဖွဲ့ ၊ MNDAA တပ်ဖွဲ့ခေါင်းဆောင်ပိုင်းတွေနဲ့ ရင်းနှီးပတ်သက်သူ တစ်ယောက်ဖြစ်ကာ တပ်မတော်စစ်ကြောင်းလှုပ်ရှားမှုတွေကို သတင်းပေးပြီး ငွေကြေးထောက်ပံ့မှုတွေ လုပ်ဆောင်တယ်လို့ တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ဒါ့အပြင် သင်းအုပ်ဆရာ လန်ဂျော်ဂမ်ဆိုင်း ဟာလည်း KIA တပ်ဖွဲ့အတွက် သတင်းပေးတာ၊ လူသစ်စုဆောင်းပေး တာ၊ စက်သုံးဆီတွေ သယ်ယူပို့ဆောင်ကူညီတယ်ဆိုပြီး ထုတ်ပြန်ကြေညာပါတယ်။

သူတို့နှစ်ဦးဟာ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလအတွင်းက မုံးကိုးမြို့ကို သတင်းသွားယူတဲ့ သတင်းထောက်တွေကို လိုက်လံပို့ဆောင်အပြီးမှာ ပျောက်ဆုံးနေခဲ့တာဖြစ်ပြီး တစ်လ နီးပါးအကြာမှာမှ တပ်မတော်က ဖမ်းဆီး ထားကြောင်း သတင်းထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

လက်ရှိမှာ တပ်မေတော်အနေနဲ့ ဖမ်းဆီးစစ်ဆေးမှုတွေ ဆောင်ရွက်နေတာဖြစ်ပြီး ဆက်လက်အရေးယူ ဆောင် ရွက်နိုင်ဖို့အတွက် သက်ဆိုင်ရာရဲစခန်းတွေထံ လွဲပြောင်းပေးအပ်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။