ဥပဒေကို ကျော်လွန်လုပ်ဆောင်မှာ မဟုတ်ကြောင်း ပူးပေါင်းကော်မတီ ဥက္ကဋ္ဌ ပြော


2019.02.25
tuntunhain-622.jpg ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်ကို ၂၀၁၉၊ ဖေဖော်ဝါရီ ၂၅ ရက်နေ့က တွေ့ရစဉ်
Photo: Win Ko Ko Latt/ RFA

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်လို့ ဥပဒေကို ကျော်လွန်ပြီး ဆောင်ရွက်မှာမဟုတ်ဘူးလို့ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် က ဒီနေ့ ပြောလိုက်ပါတယ်။

နေပြည်တော်က ပြည်ထောင်စုလွှတ်တော် အဆောက်အအုံမှာ ကျင်းပတဲ့ ပူးပေါင်းကော်မတီ ဒုတိယအကြိမ် အစည်းအဝေး အဖွင့်မိန့်ခွန်းမှာ ပြောခဲ့တာပါ။

ဒီအစည်းအဝေးကို ပထမအကြိမ်တုန်းက စာရင်းမပေးရသေးတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။

ဒီနေ့ အစည်းအဝေးမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို အခန်းလိုက်ပြင်ဆင်ဖို့နဲ့ ဘယ်အချိန်မှာ ဘယ်အခန်းတွေ ပြင်ဆင်မယ်ဆိုတာကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် လာမယ့် မတ်လ ၅ရက်နေ့မှာ ကျင်းပမယ့် ပူးပေါင်းကော်မတီအစည်းအဝေးမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခန်း ၁ နိုင်ငံတော်အခြေခံမူ ၄၈ ချက်နဲ့ပတ်သက်လို့ ဆွေးနွေးကြမယ်လို့လည်း သိရပါတယ်။ ဒီနေ့ အစည်းအဝေးနဲ့ပတ်သက်လို့ တပ်မတော်သားကိုယ်စားလှယ်တွေကို RFA က မေးမြန်းရာမှာတော့ ခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်ချုပ် တင်ဆွေဝင်း ပြည်ပခရီးရောက်နေတာကြောင့် အစည်းအဝေး တက်ရောက်နိုင်ခြင်းမရှိလို့ ဖြေဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။ အလားတူ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ ကိုယ်စားလှယ်တွေကလည်း ဖြေကြားခြင်း မရှိခဲ့ပါဘူး။

ဒီပူးပေါင်းကော်မတီဟာ လာမယ့် ဇူလိုင်လ ၁၇ ရက်နေ့ မတိုင်ခင်မှာ ပြည်ထောင်စုလွှတ်တော်ထံ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်တဲ့ မူကြမ်းကို တင်သွင်းရမှာဖြစ်ပါတယ်။

တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်တွေ ဒီနေ့ စတင်တက်ရောက်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဒုတိယအကြိမ် အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ အစည်းအဝေးတက်ရောက်သူတွေက ပြောပါတယ်။

"အဓိကတော့ ဘာလဲဆိုတော့ အခန်းအလိုက်သွားမယ့်ဟာတွေကို အခု ပါတီအလိုက်၊ အစုအဖွဲ့ ပြင်ချင်တဲ့ အချက်အလက်တွေကို အကုန်လုံး ကန့်လန့်ဖြတ်ဇယားနဲ့ လုပ်ပြီးတော့ ပေးကြမယ်။ ပေးကြမယ်ဆိုတော့ ဒီတစ်ပတ်ဆိုရင် တနလာၤနေ့ ၊ အခန်း ၁ နဲ့ ပတ်သက်ပြီးတော့ ပြင်ချင်တဲ့သူကလည်း ပြင်ချင်တဲ့အကြောင်း ၊ မပြင်ချင်ဘူးဆိုဆိုရင်လည်း မူလအတိုင်းထားမယ်ဆို ပေးချင်တဲ့ အကြံဉာဏ်တွေကို ဒီအစုအဖွဲ့တွေကနေပြီးတော့ အကြံပြုချက်တွေကို ကန့်လန့်ဖြတ်ဇယားနဲ့ တနလာၤနေ့ကို ပြန်ပြီးတော့ပေးမယ်"

ဒါကတော့ အင်န်အယ်လ်ဒီပါတီက ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့် ပြောသွားတာပါ။

ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁ မှာ တပ်မတော်က အမျိုးသားနိုင်ငံရေးဦးဆောင်မှုကဏ္ဍမှာ ပါဝင်ရေး၊ ပြည်နယ်နဲ့ တိုင်းတွေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေဟာ ပြည်ထောင်စုကနေ ခွဲမထွက်ရ ဆိုတဲ့ အချက်တွေ အပါအဝင် ၄၈ ချက် ပြဌာန်းထားပါတယ်။

ရခိုင်အမျိုးသားပါတီက လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဇံ က အခုလို ပြောပါတယ်။

"မန်းဒိတ်ဆိုတာတော့  မင်းဒီဟာအတွက် အစအဆုံး မင်းလုပ်လိုက်တော့ဆိုပြီး ပေးတာမျိုးမဟုတ်ဘူး၊ စီမံဖို့ ဆက်သွယ်ဖို့ ပေးတဲ့သဘောမျိုးပဲ။ ဖွဲ့စည်းပုံ အခြေခံမှုဆိုတာ ပိုဆိုးတာပေါ့၊ အခြေခံကျတဲ့ အချက်အလက်တွေကြိးပဲ၊ ဒီဟာကြီး ဒီမှာရှိတဲ့ ကော်မတီဝင် ၂ ယောက်နဲ့ အုပ်ထည့်လိုက်လို့ ကိုးယို့ကားယားဖြစ်မှာပေါ့၊ အဲဒါကြောင့် ဒီဟာကို ရက်တောင်းတဲ့အခါကျတော့ ပေးတယ်"

ဒီပူးပေါင်းကော်မတီဟာ လာမယ့် ဇူလိုင်လ ၁၇ ရက်နေ့ မတိုင်ခင်မှာ ပြည်ထောင်စုလွှတ်တော်ထံ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်တဲ့ မူကြမ်းကို တင်သွင်းရမှာဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ဥပဒေနဲ့အညီ လုပ်ဆောင်မယ်လို့ ပူးပေါင်းကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က အခုလိုပြောပါတယ်။

"အားလုံးကိုလည်း ကျွန်တော်တို့က လေးလေးစားစား မေတ္တာရပ်ခံထားပါတယ်။ အားလုံးဒီမှာ ကျွန်တော်တို့ ဆောင်ရွက်သွားတဲ့ အခါမှာလည်း လွှတ်တော်ကိုယ်စားလှယ်ကြီးများ သိရှိပြီးဖြစ်တဲ့အတိုင်းပါပဲ၊ နည်းဥပဒေမှာပါတဲ့ အတိုင်းပဲ ဆောင်ရွက်သွားမှာပါ။ အဲဒီအတွက်ကတော့ ဟိုဥစ္စာ မဖြစ်ပါနဲ့၊ ဒီကနေ ဥပဒေကနေ ကျော်လွန်ပြီး ဆောင်ရွက်သွားမယ်လို့ မထင်ပါနဲ့ ၊ ဥပဒေအတိုင်း ဆောင်ရွက်သွားမှာပါ။ ဒါလေးတစ်ခု ပြောလိုပါတယ်"

ပူးပေါင်းကော်မတီအစည်းအဝေးတွေကို အပတ်စဉ် တနင်္လာ၊ အင်္ဂါနဲ့ ကြာသပတေးနေ့တွေမှာ ပုံမှန်ကျင်းပမှာဖြစ်ပြီး လွှတ်တော်ပိတ်ရက်တွေမှာလည်း ကျင်းပသွားမယ်လို့ သိရပါတယ်။

အဖွဲ့ဝင် ၄၅ ပါ ပူးပေါင်းကော်မတီရဲ့ ဒုတိယအကြိမ် အစည်းအဝေးမှာ လွှတ်တော်တာဝန်နဲ့ ပြည်ပရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ် ၂ ဦး၊ ရခိုင်အမျိုးသားပါတီက ကိုယ်စားလှယ်တစ်ဦးကလွဲပြီး ကျန် ကိုယ်စားလှယ်တွေအားလုံး တက်ရောက်ခဲ့ကြပါတယ်ခင်ဗျာ။

ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။