စစ်တပ်ဖမ်းတဲ့ ရွာသား အလောင်းပဲ ပြန်တွေ့

ရှမ်းပြည်မြောက်ပိုင်း ပန်ဆိုင်းမြို့နယ် အတွင်းက ရွာသား တစ်ယောက်ကို မြန်မာ အစိုးရတပ်က ဖမ်းသွားပြီးနောက် သေဆုံးနေတဲ့ အလောင်းကိုပဲ မနေ့က ပြန်တွေ့ရတယ်လို့ သိရပါတယ်။

2012.07.28

ရှမ်းပြည်မြောက်ပိုင်း ပန်ဆိုင်းမြို့နယ် ရီခူးကျေးရွာက ရွာသားတွေကို ဇူလိုင်လ တစ်ရက်နေ့က ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွါးတဲ့ နောက်ပိုင်း  ကေအိုင်အိုနဲ့ ပတ်သက်တယ်လို့ ယူဆပြီး အစိုးရစစ်တပ် အမှတ် ခမရ ၇၊ ခမရ ၉ နဲ့ ခလရ ၁၂၃ တပ်တွေက ဖမ်းဆီးသွားခဲ့ပါတယ်။

ဖမ်းသွားတဲ့ ရွာသား ၂၃ ယောက်ကို အဲဒီညမှာပဲ   ပြန်လွှတ်ပေးလိုက်ပြီး  ၃ယောက် ကိုတော့ ဆက်လက် ဖမ်းဆီးထားခဲ့ပါတယ်။ အဲဒီ ကျန်သူ ၃ ဦးထဲက ၂ ယောက်ကို ဇူလိုင်လ ၄ရက်နေ့ညက ပြန်လွတ်ပေးလိုက်ပြီး အသက် ၄၃ နှစ်အရွယ် ဇလမ်းဘွမ်ယော် ဆိုသူကိုတော့ ခမရ ၇ တပ်စခန်းအတွင်းမှာ ဆက်လက် ဖမ်းဆီးထားခဲ့ရာကနေ နောက်ပိုင်း ဘာသတင်းမှ ထပ်မံမသိရတော့ပဲ မနေ့ကတော့ သူရဲ့ အလောင်းကို စစ်တပ်ဟောင်း နေရာမှာ မြုပ်ထားတာကို တွေ့ခဲ့ ကြရ တယ်လု့ိ အလောင်းသဂြိုဟ်တဲ့ အခမ်းအနားကို တက်ရောက်ခဲ့တဲ့ ဒေသခံ အမျိုးသမီး တစ်ယောက်က ပြောပါတယ်။

"အရင်က စစ်တပ်ဟောင်းရဲ့ နောက်မှာ မြုပ်ထားတာ အဲဒီမြေက ဆွနေတဲ့ အထဲမှာ တရုတ်မ တစ်ယောက်က တွေ့တာ။ အဲဒီမှာ ပေါက်ပြား တစ်လက်လည်း ကျန်ခဲ့တယ်။ အဲဒီကနေ အစအန ရှာပြီးတော့ အိမ်ရှင်တွေကနေ အသင်းတော်မှာ လာပြောတာ။ အသင်းတော်က အသင်းထောက်ကနေ ရဲစခန်းက အကြောင်းကြားခဲ့ပြီးတော့မှ ဒီနေ့ သွားရှာတော့ တကယ်တမ်း အဲဒီအလောင်းက ဟုတ်နေတာ မီးသတ်ကရော စခန်းမှုးတွေရော ဆရာဝန်တွေရော သူတို့ ခွဲစိတ်လုပ်တယ်။ ပြီးတော့မှ အိမ်ရှင်တွေကို မေးမြန်းတာတွေလုပ်တယ်။ ပြီးတော့မှ ကျမတို့ အသင်းတော်ကနေ ဆုတောင်းပြီးတော့ သဂြုႋဟ်လိုက်တာပါ။"

အခုလို သေဆုံးနေတာဟာ ရိုက်နှက်တဲ့ ဒဏ်ရာတွေကြောင့် ဖြစ်ပြီး ဒီကိစ္စနဲ့ ပတ်သက်လို့ ရဲစခန်းကို အမှုဖွင့်ဖို့ ပြင်ဆင်နေတယ်လို့လည်းသေဆုံးသူ ဇလမ်းဘွမ်ယော်ရဲ့ အဘိုးဖြစ်သူက ပြောပြပါတယ်။

"ရိုက်ထားတာ ခြေသလုံးမှာလည်း အခုထိ သွေးဥတွေ မဲတူးနေတာပေါ့။ ဒဏ်ရာဒဏ်ချက် မရှိတဲ့ နေရာမှာတော့ ဖြူနေတာပေါ့။ ဆရာဝန်လည်း ခွဲစိတ်ပြီးမှတော့ စစ်ဆေးနေတယ်။ ဆရာဝန် ထွက်ချက်တော့ ဦးနှောက်မှာ သွေးကြောတစ်ကြောပေါက်တယ်။ ဦးနှောက်ခွံမှာလည်း အမဲစက်တစ်ခု တွေ့တယ်တဲ့ နေရာတကာ ဒဏ်ရာဒဏ်ချက်တွေပဲ ပုခုံးကြောလည်း လွဲနေတယ်လို့ ပြောတာပဲ။ အဆုတ်မှာလည်း သွေးကြောပေါက်၊ ဂျိုင်းအောက် တစ်ခုလုံးလည်း အနီချည်း ဖြစ်နေတာ သူတို့ ရဲစခန်းမှာ ရေးပေးထားတာတော့ အမှုတိုင်တဲ့ပုံစံပေါ့။ ရေးထားကြတယ်။"

ဇူလိုင်လ အစောပိုင်းက ကေအိုင်အိုနဲ့ အစိုးရတပ်တွေ  ပန်ဆိုင်းမြို့နယ် အတွင်းမှာ နေ့စဉ်လိုလို တိုက်ပွဲတွေ ဖြစ်နေခဲ့တာပါ။ အခုအခါ ဒေသခံတွေလည်း ကြောက်လန့်ပြီး မိမိနေရာမှာ ဆက်လက် မနေရဲကြတာကြောင့် ပန်ဆိုင်းမြို့ပေါ်ရှိ ခရစ်ယာန် ဘုရားရှစ်ခိုးကျောင်းဝန်းနဲ့ ဆွေမျိုးတွေအိမ်မှာ တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။