မလေးရှားရောက် မြန်မာတွေ ကြိုတင်မဲပေးဖို့ သြဂုတ် ၅ နောက်ဆုံးထား လျှောက်လွှာတင်ရမည်

မလေးရှားနိုင်ငံရောက် မြန်မာအလုပ်သမားတွေ လာမယ့်ရွေးကောက်ပွဲမှာ ကြိုတင်မဲပေးနိုင်ဖို့ ပုံစံ ၁၅ ဖြည့်ပြီး ပေးပို့ထားသူ ၅၆၀ ကျော်ရှိတယ်လို့ မလေးရှားနိုင်ငံ ကွာလာလန်ပူမြို့ မြန်မာသံရုံးက ဇူလိုင် ၂၇ မှာ သတင်းထုတ်ပြန်ပါတယ်။

မလေးရှားနိုင်ငံ ကွာလာလန်ပူမြို့က မြန်မာသံရုံးကို တွေ့ရစဉ် Photo: Myanmar Embassy in Kuala Lumpur, Malaysia

မလေးရှားနိုင်ငံရောက် မြန်မာအလုပ်သမားတွေ လာမယ့်ရွေးကောက်ပွဲမှာ ကြိုတင်မဲပေးနိုင်ဖို့ ပုံစံ ၁၅ ဖြည့်ပြီး ပေးပို့ထားသူ ၅၆၀ ကျော်ရှိတယ်လို့ မလေးရှားနိုင်ငံ ကွာလာလန်ပူမြို့ မြန်မာသံရုံးက ဇူလိုင် ၂၇ မှာ သတင်းထုတ်ပြန်ပါတယ်။

ဇူလိုင်လ ၁၆ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ ရထားတဲ့စာရင်းတွေကို သံရုံးက ထုတ်ပြန်ထားတာဖြစ်ပြီး လာမယ့် သြဂုတ်လ ၅ ရက်နေ့အထိ နောက်ဆုံးပေးပို့ဖို့ သတ်မှတ်ထားတာဖြစ်ပါတယ်။

မလေးရှားနိုင်ငံရောက် မြန်မာတွေထဲက ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းတွေက အများဆုံးဖြစ်ပါတယ်။ အချက်လက် မပြည့်စုံတာ၊ မှားယွင်းဖြည့်ထားသူ ၈၀ နီးပါးရှိပြီး သူတို့အနေနဲ့ သတ်မှတ်ထားတဲ့ ဩဂုတ် ၅ ရက် နောက်ဆုံး ထားပြီး ပြန်ပို့ရမှာပါ။

နောက်ဆုံးရရှိတဲ့ အချက်လက်တွေနဲ့ ပတ်သက်ပြီး မြန်မာသံရုံးကို ဆက်သွယ်မေးမြန်းပေမယ့် ဖုန်းလက်ခံ ဖြေကြားတာ မရှိပါဘူး။

ပုံစံ ၁၅ဆိုတာက ရွေးကောက်ပွဲမှာ မဲပေးဖို့အတွက် မဲဆန္ဒပြင်ပကိုရောက်နေတဲ့ မဲပေးခွင့်ရှိသူတွေ ထည့်သွင်းရတဲ့ ပုံစံစာရွက်ပါ။ မဲပေးခွင့်ရှိသူတွေ မဲပေးခွင့်မဆုံးရှုံးရအောင် ဆောင်ရွက်ပေးတာဖြစ်ပါတယ်။ အဲဒီစာဖောင်မှာ လိုအပ်တဲ့အချက်လက်တွေကို ဖြည့်စွက်ပြီး သက်ဆိုင်ရာနိုင်ငံအလိုက် သံရုံးတွေကို ပေးပို့ရမှာပါ။

မြန်မာသံရုံးက ဖြန့်ဝေထားတဲ့ ပုံစံ ၁၅ တွေကို အလုပ်သမားတွေ  အများစုရှိတဲ့နေရာတွေကို လူမှုအဖွဲ့အစည်းတွေ က လိုက်ဝေပေးပြီး ဖြည့်ပြီးသားစာရွက်တွေကို သံရုံးကို ပြန်တင်ပေးကြပါတယ်။

မြန်မာအလုပ်သမားအများစုက ရွေးကောက်ပွဲမှာ ကြိုတင်မဲပေးဖို့ စိတ်ဝင်စားပေမဲ့ သူတို့နေထိုင်ရာ ဒေသတွေကနေ သံရုံးကို သွားလာရမယ့် လမ်းစရိတ်နဲ့ အချိန်တွေအတွက် အခက်ခဲဖြစ်နေကြရတယ်လို့ တိုင်ပင်းမြို့ အားအင်သစ် ပရဟိတလူငယ်များအသင်းက ဦးကျော်ကျော်ဦးက ပြောပါတယ်။

မလေးရှားနိုင်ငံမှာ တရားဝင်အလုပ်လုပ်ခွင့်ရသူ သုံးသိန်းလောက်ရှိပြီး အထောက်အထားမဲ့ အလုပ်သမား နှစ်သိန်းလောက်ရှိတယ်လို့ အလုပ်သမားအရေး ကူညီပေးနေသူတွေက ပြောကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org