မျိုးစောင့်ဥပဒေကိစ္စ သမ္မတနဲ့ တွေ့ဆုံဖို့ လူမှုအဖွဲ့ ၁၅၀ ကျော် တောင်းဆို


2014.05.14
utheinsein-305.jpg နေပြည်တော်မှာ ဇွန် ၂၆ နေ့ကကျင်းပခဲ့တဲ့ စီမံကိန်းကော်မ ရှင် အစည်းအဝေးတွင် သမ္မတဦးသိန်းစိန်ကို တွေ့ရစဉ်
photo: President Office Website

အစိုးရကပြဌာန်းဖို့ ကြိုးပမ်းနေတဲ့ မျိုးစောင့်ဥပဒေတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ ပြည်သူ့ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းတို့ကို တွေ့ဆုံဆွေးနွေး လိုကြောင်း မျိုးစောင့်ဥပဒေ ပြဌာန်းရေးကိစ္စကို ပြင်းပြင်း ထန်ထန် ဆန့်ကျင်ကန့်ကွက်နေကြတဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်း ၁၅၀ ခန့်က ဒီကနေ့ လက်မှတ်ရေး ထိုး တောင်းဆိုလိုက်ကြပါတယ်။

ဒီအဖွဲ့အစည်းတွေအနေနဲ့ မျိုးစောင့်ဥပဒေနဲ့ ပတ်သက် တဲ့ သူတို့ရဲ့သဘောထားတွေကို ကိုယ်တိုင်ရှင်းလင်း တင်ပြလိုတဲ့အတွက် တွေ့ဆုံဖို့တောင်းဆိုရတာဖြစ် တယ်လို့  အမျိုးသမီးအခွင့်အရေးအဖွဲ့ Triangle Women Support Group  ဒါရိုက်တာ မခင်လေးက ပြောပါတယ်။

"ကျမတို့ အရပ်ဘက်လူ့အဖွဲ့အစည်း ၁၅ဝ က မျိုးစောင့်ဥပဒေမူကြမ်း ရေးဆွဲဖို့ ပြင်ဆင်နေတဲ့အပေါ်ကို ကျမတို့ရဲ့ အကြံပြုတင်ပြချက်တွေ ထွက်ထားတာရှိပါတယ်၊ အဲဒီဟာကို သမ္မတကြီးရော၊ ဦးရွှေမန်းကိုရော ကျမတို့က တွေ့ပြီးခဲ့အခါကျရင် ကျမတို့ရဲ့ စိုးရိမ်ပူပန်မှုတွေ ကျမတို့ဘာကြောင့် ဒီစာလေးထုတ်ရတယ် ကျမတို့ဖြစ်စေချင်တဲ့ ဆန္ဒလေးတွေပေါ့ ဒါလေးတွေကို သွားပြီးတော့ လူချင်းတွေ့ဆုံပြီးတော့ ပြောပြချင်လို့ပါ"

ဒါ့အပြင် မျိုးစောင့်ဥပဒေတွေရေးဆွဲဖို့ သမ္မတကတာဝန်ပေးထားတဲ့  ပြည်ထောင်စုရှေ့နေချုပ်နဲ့  ဥပဒေကြမ်းရေးဆွဲရေးကော်မရှင်က တာဝန်ရှိသူတွေကိုလည်း ဒီအဖွဲ့တွေက တွေ့ဆုံလိုကြောင်း တောင်းဆို ထားတယ်လို့ ဆိုပါတယ်။

အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေး (ဗဟို) ဥက္ကဌ ဘဒ္ဒန ္တ တိလောကာဘိဝံသက ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ၊ လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေ၊ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေနဲ့ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ စတဲ့ မျိုးစောင့်ဥပဒေတွေကို ပြဌာန်းပေးဖို့ နိုင်ငံတော်သမ္မတထံ ဇူလိုင်လ ၉ရက်နေ့က စာရေးသားတောင်းဆိုခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန်က မျိုးစောင့်ဥပဒေတွေရေးဆွဲပြီး လွှတ်တော်ကို တင်ပြနိုင်ရေးအတွက် အဖွဲ့ဝင် ၁၂ ဦးပါ မျိုးစောင့်ဥပဒေရေးဆွဲရေး ကော်မရှင်ကို မတ်လ ၇ ရက်နေ့က ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါတယ်။

ဒီမျိုးစောင့်ဥပဒေတွေထဲက ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေနဲ့ လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေတွေကို မျိုးစောင့်ဥပဒေ ရေးဆွဲရေးကော်မရှင်က ရေးဆွဲပြီးစီးနေပြီဖြစ်ပြီး မူကြမ်းကို အခုရက်ပိုင်းအတွင်း ထုတ်ပြန်မှာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။