မြေပြန်ရရေး သံတွဲမြို့နယ်မှာ ဆန္ဒပြတောင်းဆို
2018.05.04

ရခိုင်ပြည်နယ် သံတွဲမြို့နယ် အံတော်ကျေးရွာမှာ သိမ်းဆည်းခံထားရတဲ့ ကျေးရွာပိုင်စားကျက်မြေဧက ၂၀၀ ကျော် ကို ပြန်လည်ရရှိရေးအတွက် ရွာခံ ၁၀၀ ကျော် ဒီနေ့ဆန္ဒပြတောင်းဆိုကြပါတယ်။
ကျေးရွာပိုင်စားကျက်မြေကို ပြန်လည်စွန့်လွှတ်ပေးဖို့ အဓိကရည်ရွယ်ချက်ဖြစ်တယ်လို့ ဆန္ဒပြပွဲမှာပါဝင်တဲ့ အံတော်ရွာခံ ဦးမင်းမင်းထွန်း ကပြောပါတယ်။
"ကျနော်တို့ စားကျက်မြေ ပြန်လည်ရရှိရေးပေါ့နော်၊ နောက်ထပ်တစ်ခုက အခုလုပ်ဆောင်နေတဲ့ ကုမ္ပဏီကို ရပ်တန့်ပေးဖို့ အဲဒါလေးပါပဲ၊ ဒီစားကျက်မြေဆိုတာလည်း အင်္ဂလိပ်လက်ထက်က နွားတွေ၊ ကျွဲတွေ စားဖို့အတွက်ကို ချပေးထားတာ၊ ဘယ်သူမှ သိမ်းဆည်းလို့မရ အဲလိုဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့က အဲဒါကိုဆန္ဒပြပြီးတော့လုပ်တာပါ"
သံတွဲမြို့နယ် အံတော်ကျေးရွာမှာရှိတဲ့ စားကျက်မြေဧက ၂၀၀ ကျော်ကို တပ်မတော်အစိုးရလက်ထက်က ရာဘာခြံစိုက်ပျိုးဖို့ သံတွဲခရိုင်အုပ်ချုပ်ရေးမှူးနဲ့ အတွင်းရေးမှူးတို့က သိမ်းဆည်းခဲ့တာလို့ဆိုပါတယ်။
အဲဒီမြေတွေကို ပြီးခဲ့တဲ့ ၂ နှစ်လောက်က စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကို ထပ်ဆင့်လွှဲပြောင်းရောင်းချခဲ့ပြီး လက်ရှိမှာ ကုမ္ပဏီတစ်ခုက ဘော်ဒူဇာတွေနဲ့ မြေညှိတာတွေဆောင်ရွက်နေတယ်လို့ ရွာသားတွေကပြောပါတယ်။
အဲဒီကျေးရွာပိုင်စားကျက်မြေ ပြဿနာကို ဖြေရှင်းပြီး ပြန်လည်စွန့်လွှတ်ပေးဖို့ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကို ရွာသားတွေက ၃ ကြိမ်လောက်စာပေးပို့ တောင်းဆိုခဲ့ပေမယ့် ပြည်နယ်အစိုးရဘက်က ဒီနေ့အထိ တစ်စုံတရာ အကြောင်းပြန်တာ မရှိခဲ့ဘူးလို့လည်း ဆန္ဒပြသူတွေက ပြောပါတယ်။