သေဒဏ်ကျမြန်မာ လူငယ်နှစ်ဦးအမှု ပြန်သုံးသပ်ပေးဖို့ ရခိုင်အမျိုးသားပါတီ တောင်းဆို


2015.12.31
anp-office-620.jpg ရခိုင်ပြည်နယ်၊ စစ်တွေမြို့က ရခိုင်အမျိုးသားပါတီ ANP ဌာနချုပ်ကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

ထိုင်းနိုင်ငံမှာ သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာလူငယ်နှစ်ဦးနဲ့ပတ်သက်ပြီး အမှုကို ပြန်လည်သုံးသပ် စိစစ်ပေးဖို့ ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်တွေနဲ့ ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ထိုင်းဘုရင်မင်းမြတ်နဲ့ ထိုင်းနိုင်ငံ ဝန်ကြီးချုပ်တို့ထံ ဒီနေ့ မေတ္တာရပ်ခံစာ ပေးပို့လိုက်ပါတယ်။

မြန်မာအလုပ်သမားနှစ်ဦးကို အမြင့်ဆုံးပြစ်ဒဏ်ချမှတ်ခဲ့တာကို လက်မခံနိုင်တဲ့အတွက် အခုလိုစာပေးပို့ မေတ္တာ ရပ်ခံတာဖြစ်တယ်လို့ ရခိုင်အမျိုးသားပါတီရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။

"ကျနော်တို့ ဒီနေ့ရက်စွဲနဲ့ပေါ့နော်၊ ထိုင်းဘုရင်မင်းမြတ်ဆီနဲ့ ရခိုင်အမျိုးသားပါတီ ကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်များကနေပြီးတော့ မေတ္တာရပ်ခံတဲ့သဘောပေါ့နော် ကျနော်တို့ ပြန်လည်စစ်ဆေးပေးဖို့ ဆိုပြီးတော့ မေတ္တာရပ်ခံစာ တစ်စောင်တင်ပါတယ်၊ စာက ၄ ပိုဒ်ပါပါတယ်၊ ပထမအပိုဒ် မှာကတော့ မြန်မာအလုပ်သမားတွေအတွက် ကြောက်စရာ၊ ကြေကွဲစရာ၊ လက်ခံနိုင်စရာမရှိနိုင်တဲ့ ဒီသေဒဏ်ကျခံရမှုအပေါ်မှာ ကျနော်တို့က မေတ္တာရပ်ခံခြင်းဖြစ်တယ်လို့ ကျနော်တို့ ဖော်ပြထားပါတယ်"

Koh Tao ကျွန်း လူသတ်မှုနဲ့ပတ်သက်ပြီး ထိုင်းတရားရုံးက စစ်ဆေးရာမှာ အချက်အလက် ညီညွတ်မှုမရှိတာတွေ အပြင် စွပ်စွဲခံရသူတွေအပေါ်မှာ ကြောက်မက်ဖွယ်ရာ ပြစ်ဒဏ်ကို ချမှတ်ခဲ့တာကြောင့် မှန်ကန်တဲ့စံနှုန်းတွေနဲ့အညီ စစ်ဆေးပေးဖို့ ANP ပါတီရဲ့ မေတ္တာရပ်ခံစာမှာ ပါရှိပါတယ်။

တရားရုံးက အဲ့ဒီအမှုနဲ့ပတ်သက်ပြီး မှန်ကန်တဲ့စံနှုန်းတွေနဲ့အညီ စိစစ်ခဲ့တယ်လို့ ANP ပါတီ လွှတ်တော် ကိုယ်စားလှယ်တွေက မယူဆတာကြောင့် ထိုင်းဘုရင်မင်းမြတ်နဲ့ ထိုင်းဝန်ကြီးချုပ်တို့အနေနဲ့ မှန်ကန်တဲ့ နည်းလမ်းတွေနဲ့ ပြန်လည်သုံးသပ်စိစစ်ပေးဖို့ မေတ္တာရပ်ခံကြောင်းလည်း ပါရှိပါတယ်။

အဲ့ဒီစာကို ထိုင်းသံရုံးကတစ်ဆင့် ဒီနေ့ ပေးပို့လိုက်တာဖြစ်ပြီး ရခိုင်အမျိုးသားပါတီဥက္ကဌ ဒေါက်တာအေးမောင် အပါအဝင် အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၃ ဦး လက်မှတ်ရေးထိုးထားပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ထိုင်းနိုင်ငံတောင်ပိုင်း Kho Tao ခေါ် လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး Koh Samuei ခရိုင်တရားရုံးက မြန်မာရွှေ့ပြောင်းအလုပ်သမားနှစ်ဦး ကို သေဒဏ်ချမှတ်ခဲ့တာပါ။

မြန်မာအလုပ်သမားနှစ်ဦး ပြန်လည်လွတ်မြောက်ရေးအတွက် ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားလူငယ်များ အစည်းအရုံး(AASYC)၊ ရခိုင်အမျိုးသမီးများ အစည်းအရုံး(RWU) အပါအဝင် ရခိုင်ပြည်နယ်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်း ၅ ခု ဦးဆောင်ပြီး ရခိုင်ဒေသခံတွေရဲ့ လက်မှတ်ရေးထိုးတောင်းဆိုမယ့် လှုပ်ရှားမှုကို စစ်တွေမြို့မှာ ဒီနေ့ စတင်နေပါတယ်။

ရခိုင်အမျိုးသားပါတီ ဒုတိယ ဥက္ကဌ ဒေါ်အေးနုစိန်ကို RFA အဖွဲ့သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။