အမ်းမြို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်း တိုက်ပွဲပြင်းထန်

အနောက်ပိုင်းတိုင်စစ်ဌာနချုပ်ရှိရာကို စစ်ကောင်စီတပ်က လေကြောင်းကနေ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေ ဆက်တိုက်ပို့နေတယ်လို့ ဆိုပါတယ်။

အမ်းမြို့နယ် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အား ထိုးစစ်ဆင်တိုက်ခိုက်နေစဉ်အတွင်း အာရက္ခတပ်တော် (AA) မှ သိမ်းပိုက်ထားသည့် တပ်စခန်းအချို့အား ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့က ထုတ်ပြန်ထားစဉ်။ Telegram/ AA Info Desk

ရခိုင်ပြည်နယ်၊ အမ်းမြို့မှာရှိတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်နေပြီး AA တပ်ဖွဲ့ဝင်တွေ တိုင်းစစ်ဌာနချုပ်အတွင်းပိုင်းအထိ ထိုးဖောက်ဝင်ရောက်နိုင်ပြီလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အမ်းမြို့ ဒေသခံတစ်ဦးက RFA ကို ဒီဇင်ဘာလ ၁၀ ရက် ဒီနေ့ပြောပါတယ်။

"အခု AA က နပခအတွင်းထဲ ရောက်နေပြီ၊ နပခထဲမှာ လက်ကျန်တပ်ဖွဲ့တွေကို AA က လက်နက်ချဖို့ ပြောနေတယ်။ ပစ်ခတ်သံတွေကတော့ ပြင်းထန်နေတုန်းပါပဲ"

စစ်ကောင်စီတပ်ဘက်ကလည်း လေကြောင်းကနေ အပြင်းအထန် တုံ့ပြန်တိုက်ခိုက်နေသလို မင်းဘူး-အမ်း လမ်းကြောင်းမှာလည်း စစ်ကူအင်အားတွေရောက်နေပြီလို့ ဆိုပါတယ်။

မင်းဘူး-အမ်း လမ်းက တက်လာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းတွေဟာ ကားလမ်းနဲ့ တောလမ်းကပါ အင်အားအများအပြားနဲ့ လာနေတာဖြစ်ပြီး တရုတ် ရေနံပိုက်လိုင်းတွေကို အကာအကွယ်ယူထားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ရေးအခြေအနေသိသူ အမ်းမြို့ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

တစ်ချိန်တည်းမှာပဲ အမ်း-ပဒါန်းလမ်းဘက်ကမှာလည်း စစ်ကောင်စီတပ်က အင်အား နှစ်ရာခန့်နဲ့ စစ်ကြောင်းထိုးပြီး အမ်းဘက်ကို လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အနောက်ပိုင်းတိုင်စစ်ဌာနချုပ်ရှိရာကို စစ်ကောင်စီတပ်က လေကြောင်းကနေ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေ ဆက်တိုက်ပို့နေတယ်လို့ ဆိုပါတယ်။

အာရက္ခတပ်တော် (AA ) က အမ်းမြို့ အပါအဝင် စစ်ကောင်စီတပ်စခန်း သုံးဆယ်ကျော်ရှိတဲ့အထဲ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တစ်ခုကလွဲလို့ ကျန်တပ်စခန်းတွေကိုထိန်းချုပ်ထားနိုင်ပြီလို့ ဒီဇင်ဘာလ ၆ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

အမ်းမြို့က တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းနဲ့ AA ပြေခွင့်ရ ဦးခိုင်သုခကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org