အမေရိကန် ချစ်ကြည်ရေးအဖွဲ့ မြန်မာနိုင်ငံ လာရောက်မည်
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ Global Partnerships ခေါ် နိုင်ငံတကာ အရပ်ဘက်ပြည်သူ့ ဆက်ဆံရေးဌာန အထူးကိုယ်စားလှယ် Mr. Andrew O’Brien ဦးဆောင်တဲ့ အဖွဲ့ဟာ မြန်မာနိုင်ငံကို ဒီကနေ့ ဧပြီလ ၂၉ ရက်နေ့ကနေ မတ်လ ၂ ရက်နေ့အထိ လာရောက်လည်ပတ်မှာဖြစ်ကြောင်း အမေရိကန် နိုင် ငံခြားရေးဌာနက မနေ့က ထုတ်ပြန်ကြေညာပါတယ်။
-
2014-04-28 -
-
-
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ရဲ့ Global Partnerships ခေါ် နိုင်ငံတကာ အရပ်ဘက်ပြည်သူ့ ဆက်ဆံရေး ဌာန အထူးကိုယ်စားလှယ် Mr. Andrew O’Brien ဦးဆောင်တဲ့ အဖွဲ့ဟာ မြန်မာနိုင်ငံကို ဒီကနေ့ဧပြီလ ၂၉ ရက်နေ့ကနေ မတ်လ ၂ ရက်နေ့အထိ လာရောက်လည်ပတ်မှာဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန က မနေ့က ထုတ်ပြန် ကြေညာပါတယ်။
POD လို့ အတိုကောက်ခေါ်တဲ့ အဲဒီ ချစ်ကြည်ရေးအဖွဲ့မှာ ရင်းနှီးမြှုပ်နှံသူတွေ၊ အလှူရှင်တွေ၊ စီးပွားရေး ခေါင်းဆောင်တွေ၊ လူမှုရေးရာ လှုပ်ရှားဆောင်ရွက်သူတွေပါဝင်ကြောင်း သိရပါတယ်။ အဲဒီအဖွဲ့ဟာ ရန်ကုန်၊ နေပြည်တော်၊ မန္တလေးမြို့တွေကို သွားရောက်ပြီး၊ အစိုးရအဖွဲ့ဝင်တွေ၊ ပုဂ္ဂလိက ကဏ္ဍ ခေါင်းဆောင်တွေ၊ လုပ်ငန်းရှင်တွေ၊ အရပ်ဘက် ကိုယ်စားလှယ်တွေ နဲ့တွေ့ဆုံမှာဖြစ်ပါတယ်။
ဒါ့ပြင် မြန်မာနိုင်ငံတွင်း ဒေသ ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး၊ ကမ္ဘာ့ဈေးကွက်နဲ့ ချိတ်ဆက်နိုင်ရေး၊ လူမှုဆိုင်ရာ အလား အလာကောင်းတွေ တိုးတက်မြင့်မားရေး စတဲ့ ကဏ္ဍတွေကို မြှင့်တင်နိုင်ဖို့အတွက် အခွင့်အလမ်းတွေ ရှာဖွေကြည့်ရှုကြမယ်လို့ ကြေညာချက်မှာ ဖေါ်ပြပါတယ်။
POD အဖွဲ့ဟာ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန၊ နိုင်ငံတကာ အရပ်ဘက်ပြည်သူ့ ဆက်ဆံရေး ဌာနက ဖွဲ့စည်း ထားတဲ့အဖွဲ့ဖြစ်ပြီး၊ နိုင်ငံတကာပြဿနာတွေကို အစိုးရချင်း၊ ပြည်သူချင်း ထိတွေ့ဆက်ဆံမှုကတဆင့် ဖြေရှင်းနိုင်ဖို့ ရည်ရွယ်ဖွဲ့စည်းထားတာဖြစ်ပါတယ်။
POD ရဲ့ နိုင်ငံတကာ ခရီးစဉ်တွေထဲမှာ အိုင်ယာလန် နဲ့ မြောက်အိုင်ယာလန် ခရီးစဉ်တွေ အောင်မြင်မှုရရှိခဲ့ပြီးတဲ့နောက်၊ အခု မြန်မာနိုင်ငံခရီးစဉ်ဟာ ဒုတိယမြောက်ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။