ဥပဒေပုဒ်မ ၁၈ ကို ပြင်ဆင်ဖြေလျှော့မည်


2014.01.14
section-18-305.jpg မတရားဥပတွေကို ပယ်ဖျက်ပေးဖို့ ၈၈ မျိုးဆက်ကျောင်း သားတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ စုပေါင်းပြီး ဇန်နဝါရီလ ၅ ရက်နေ့က မဟာဗန္ဓုလပန်းခြံအနီးတွင် ဆန္ဒဖော်ထုတ်ပွဲ ကျင်းပခဲ့ရာ ဆန္ဒပြနေသူများကို တွေ့ရစဉ်
photo: RFA/ Myo Zaw Ko

ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ မှာ ပြဌာန်းထားတဲ့ နိုင်ငံသားအခွင့်အရေးကို လွှမ်းမိုးနေတာကြောင့်  ပြင်ဆင်ဖြေလျှော့သွား မှာဖြစ်ကြောင်း  ပြည်သူ့လွှတ်တော် တရားစီရင်ရေး၊ ဥပဒေရေးရာနဲ့ တိုင်ကြားစာများကော်မတီ ဥက္ကဌ သူရဦးအောင်ကိုက ပြောကြားလိုက်ပါတယ်။

ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေး ခေတ္တရပ်နားချိန်မှာ သူရဦးအောင်ကို က RFA ကို အခုလို ပြောကြားခဲ့တာပါ။

“ပုဒ်မ ၁၈ က ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄ နဲ့ နိုင်ငံသား အခွင့်အရေးတွေကို လုံးဝလွှမ်းမိုး ထားပါတယ်၊ ခိုင်လုံသော အကြောင်ပြချက် မရှိဘဲနဲ့ ပယ်ချနိုင်တယ်ဆိုတဲ့ အပိုဒ်ကလည်းပဲ မြို့နယ်ရဲမှူးတို့ မြို့နယ်အုပ်ချုပ်ရေးမှူးတို့အား အခြေခံဥပဒေရဲ့ အထက်မှာ ရောက်နေသလိုဖြစ်နေတယ်၊ နိုင်ငံတကာကလည်း အဲဒီပုဒ်မ ၁၈ ကို ဖျက်သိမ်းဖို့ တောင်းဆိုတာဖြစ်ပါတယ်၊ ပုဒ်မ ၁၈ ကို ပြင်ဆင်ဖြေလျှော့မယ့် ဥပဒေကြမ်းနဲ့ ပတ်သက်လို့က အသေးစိတ်ကို ရေးဆွဲတင်ပြထားပါတယ်၊ ပြည်သူတွေရဲ့ နစ်နာမှု ကြုံတွေ့နေတာမို့လို့ ပြည်သူ့ကိုယ်စားလှယ်က ဒါကိုတော့ နားလည်းခံစားတတ်မှာဖြစ်ပါတယ်၊ အဲဒါကြောင့်မို့ လွှတ်တော်ထဲမှာ ပြည်သူ့ကိုယ်စားလှယ်အများစုရဲ့ ထောက်ခံမဲရမယ်လို့ အကြွင်းမဲ့ ယုံကြည်ပါတယ်”

သူရဦးအောင်ကိုဟာ ပြီးခဲ့တဲ့ အဌမအကြိမ် လွှတ်တော် ပုံမှန်အစည်းအဝေးတုန်းက ပုဒ်မ ၁၈ ကိုပြင်ဆင်ဖို့ အဆိုတင်သွင်းခဲ့ပါတယ်။

အဲဒီမှာပါရှိတဲ့ ခွင့်ပြုမိန့်တောင်းခံခြင်းအစား အသိပေးအကြောင်းကြားဖို့နဲ့ ပြစ်မှု၊ ပြစ်ဒဏ်မှာပါ တဲ့ ထောင်ဒဏ်ကိုပယ်ဖျက်ပြီး ငွေဒဏ်သာချမှတ်ဖို့ အဆိုတင်သွင်းခဲ့ပါတယ်။ ဒါ့အပြင် သူရဦးအောင်ကိုက အဲဒီလို ပြင်ဆင်ဖြေလျှော့ခြင်းအားဖြင့် ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေးကို မထိခိုက်နိုင်ကြောင်းလည်း RFA ကို ပြောပါတယ်။

“ပုဒ်မ ၁၈ ကို ဖြေလျှော့ပေးခြင်းအားဖြင့်တော့ မြို့တော်ရဲ့ အေးချမ်းသာယာရေး၊ တရားဥပဒေ စိုးမိုးရေးတွေမှာ ထိပါးလာနိုင်စရာ မရှိဘူးလို့ သုံးသပ်ရပါတယ်၊ ပုဒ်မ ၁၈ ကို ဖြေလျှော့ပေးတဲ့ ဥပဒေကြမ်းကို ပြည်သူ့ဆန္ဒအရ လွှတ်တော်က အတည်ပြုနိုင်အောင် စည်းရုံးကြိုးစားပါမယ်”

မနေ့ကကျင်းပတဲ့ ပြည်သူ့လွှတ်တော ်အစည်းအဝေးမှာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ပုဒ်မ ၁၈ ကို လွှတ်တော်က ပြဌာန်းထားတာ ဖြစ်တဲ့အတွက် လွှတ်တော်ကသာ ပြန်လည်ပြင်ဆင်ရမှာ ဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။