ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်း အသုံးအနှုန်းအချို့ပြင်ဖို့ ဆုံးဖြတ်
2015.05.18

မျိုးစောင့်ဥပဒေကြမ်း လေးခုထဲက "မြန်မာဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်း"ကို အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်နဲ့ လွှတ်တော်ကိုယ်စားလှယ် ငါးဦးတို့ ဒီနေ့ ဆွေးနွေး ကြရာမှာ ဥပဒေကြမ်းပါ အသုံးအနှုန်းတွေကို ပြင်ဆင် ဖို့ ဆွေးနွေးကြပြီး ဥပဒေကြမ်းကော်မတီမှာ ပြန်လည် ကြားနာဖို့ ဆုံးဖြတ်လိုက်ပါတယ်။
အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်က ဥပဒေကြမ်းထဲမှာ အသေးစိတ်အသုံးအနှုန်းတွေကို ဖယ်ရှားပြီး လိုရင်းပဲထည့်သွင်းရေးဆွဲဖို့ အတွက် ဆွေးနွေးခဲ့ပါတယ်။
"မြန်မာဗုဒ္ဓဘာသာဝင်မိန်းမက ဘာသာရေးအရ အလှူဒါနပြုလုပ်ခြင်း၊ ဘုရားရှိခိုးခြင်း၊ တရားဓမ္မနဲ့ ပရိတ်ရွတ်ခြင်း၊ ပုတီးစိတ်ခြင်း၊ တရားနာခြင်း၊ တရားထိုင်ခြင်း၊ ဘုရားကျောင်းကန်များသို့ သွားရောက်ခြင်း၊ ဥပုဒ်သီလစောင့်တည်ခြင်း၊ ဗုဒ္ဓကျမ်းဂန်များ ထားရှိလေ့လာဖတ်ရှုခြင်း၊ နာကြားခြင်းတို့ကို ခွင့်ပြုရမည်၊ ဗုဒ္ဓဘာသာဆိုင်ရာ ဒါန သီလ ဘာဝနာနဲ့ တခြားကိစ္စများ ပြုလုပ်ခွင့်ဆိုရင်ပြီးတာပဲ တော်ကြာဒီထဲမပါနဲ့ ဆွမ်းကျွေးလို့မရဘူး ဆိုတာမျိုး ဒါဖြစ်နိုင်တဲ့အနေအထားတွေရှိတာပဲ"
လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေမူကြမ်းနဲ့ မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေမူကြမ်းတွေကို ပြည်သူ့လွှတ်တော်မှာ အတည်ပြုလိုက်ပြီး အမျိုးသားလွှတ်တော်ထံ ပေးပို့ထားတာပါ။
အမျိုးသားဒီမိုကရေစီအဖွဲွ့ချုပ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမင်းဦးက မြန်မာနိုင်ငံဟာ ကုလသမဂ္ဂက ပြဌာန်းထားတဲ့ လူ့အခွင့်အရေးကြေငြာစာတမ်းကို လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံဖြစ်တဲ့အတွက် စဉ်းစားကြဖို့နဲ့ အဲဒီဥပဒေကြမ်းကို မပြဌာန်းသင့်ကြောင်း ကန့်ကွက်ပါတယ်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က အဲဒီ့ဥပဒေကို ပြဌာန်းပေးဖို့ ထောက်ခံဆွေးနွေးပါတယ်။
ကျန်တဲ့မျိုးစောင့်ဥပဒေတွေဖြစ်တဲ့ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းနဲ့ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကြမ်းတွေကို အမျိုးသားလွှတ်တော်မှာ အတည်ပြုပြီး ပြည်သူ့လွှတ်တော်ထံ ပေးပို့ထားပါတယ်။