သောင်ပြင်ကျေးရွာက AMDP ပါတီဝင် ၂၀၀ ကျော် နှုတ်ထွက်
2017.04.04

မွန်ပြည်နယ် ရေးမြို့နယ် သောင်ပြင်ကျေးရွာက မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဌအပါအဝင် ပါတီဝင် ၂၀၀ ကျော်ဟာ ဧပြီလ ၁ ရက်နေ့ကစပြီး ပါတီဝင်အဖြစ်ကနေ နုတ်ထွက်လိုက်ပါတယ်။
မွန်ပါတီတွေ ကွဲပြားနေတဲ့အတွက် မဲတွေကွဲနေတာကြောင့် ပါတီဝင်တွေက နုတ်ထွက်ခဲ့ကြတာလို့ နုတ်ထွက် လိုက်တဲ့ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ တောင်ပြင်ကျေးရွာ ဥက္ကဌ ဦးနိုင်မွန်စိုက်က ပြောပါတယ်။
"မွန်ပါတီတွေ ၂ ပါတီ ၃ ပါတီရှိနေတော့ မဲတွေကွဲနေတယ်လေ၊ အဲ့ဒါကိုမြင်တော့ တို့ပါတီသားတွေ မလုပ်တော့ဘူးဆိုပြီး ဆုံးဖြတ်လိုက်တယ်၊ လေးလပိုင်း ၁ ရက်နေ့က ဆုံးဖြတ်လိုက်တယ် အဲ့နေ့ကပဲ စနုတ်ထွက်တယ်"
သောင်ပြင်ကျေးရွာမှာ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီဝင် ၂၉၀ ကျော်ရှိပြီး ပါတီဥက္ကဌ အပါအဝင် ပါတီဝင် ၂၀၀ ကျော်က နုတ်ထွက်လိုက်တာဖြစ်ပြီး ပါတီအခြေစိုက်တဲ့အိမ်ပိုင်ရှင်ကိုယ်တိုင် နုတ်ထွက်လိုက်တဲ့အတွက် ပါတီအလံနဲ့ ဆိုင်းဘုတ်တွေကို ဖြုတ်လိုက်တယ်လို့ ပြောပါတယ်။
ပါတီဝင်တွေ နုတ်ထွက်တဲ့အကြောင်း ဗဟိုပါတီကိုတင်ပြသွားမှာမဟုတ်ဘဲ မွန်ပါတီတွေ တစ်ပါတီတည်း ပေါင်း စည်းလိုက်ချိန်ရောက်မှ အဲဒီပါတီမှာ ပြန်လည်ဝင်ရောက်သွားမယ်လို့ ပြောပါတယ်။
မွန်နိုင်ငံရေးပါတီတွေဖြစ်တဲ့ မွန်အမျိုးသားပါတီနဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့ ပေါင်းစည်းနိုင်ရေး အတွက် မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဌ နိုင်ဟံသာ ဦးဆောင်ပြီး မွန်ဆရာတော်တွေ၊ မွန်ပညာရှင်တွေပါဝင်တဲ့ မွန်နိုင်ငံရေးပါတီများ ညီညွတ်မှု တည်ဆောက်ရေး ညှိနှိုင်းရေးအဖွဲ့က ညှိနှိုင်းနေပေမယ့် ပေါင်းစည်းဖို့ ပျက်သွားကြောင်း ပြီးခဲ့တဲ့မတ်လဆန်းက ကြေညာချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။