ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို FPNCC အဖွဲ့ဝင်အားလုံး တက်ရောက်မည်


2019.03.16
fpncc-622.jpg မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၇ ဖွဲ့ရဲ့ FPNCC ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးရေးကော်မတီကို တွေ့ရစဉ်
Photo: FPNCC Facebook

ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေး အမြဲတမ်း ကော်မတီ FPNCC အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့လုံး နေပြည်တော်မှာ မကြာခင် ရက်ပိုင်းအတွင်း ကျင်းပမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို တက်ရောက်မယ်လို့ "ဝ" ပြည်သွေးစည်းညီညွတ်ရေးပါတီက ပြောလိုက်ပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးဖို့ NCA လက်မှတ်မရေးထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို အစိုးရဘက်က တစ်ဖွဲ့ချင်းစီ ဖိတ်ခေါ်ထားတာဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်တွေဘက်ကတော့ FPNCC အဖွဲ့အနေနဲ့ပဲ တက်ရောက်ဆွေးနွေးမှာဖြစ်ကြောင်း "ဝ" ပြည်သွေးစည်းညီညွတ်ရေးပါတီ လားရှိုးမြို့ ဆက်ဆံရေးတာဝန်ခံ ဦးညီရမ်း က RFA ကို ပြောပါတယ်။

FPNCC အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP တို့ကို မတ်လ ၂၁ ရက်နေ့မှာ ငြိမ်းချမ်းရေးဆွေးနွေးဖို့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန NRPC က ဖိတ်ကြားထားတာဖြစ်ပါတယ်။

မတ်လ ၂၂ ရက်နေ့မှာတော့ လာရောက်ဆွေးနွေးမယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ချင်းစီကို တပ်မတော် ညှိနှိုင်းဆွေးနွေးရေးအဖွဲ့က သီးသန့် ထပ်မံတွေ့ဆုံ ဆွေးနွေးသွားမယ်လို့လည်း NRPC ဖိတ်ကြားချက်မှာ ပါဝင်ပါတယ်။

FPNCC အဖွဲ့ကို "ဝ" ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA က ဦးဆောင်ပြီး မြောက်ပိုင်းလက်နက်ကိုင် အဖွဲ့တွေဖြစ်တဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA၊ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA၊ ရက္ခိုင့်တပ်မတော် AA၊ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA၊ ကိုးကန့်တပ်မတော် MNDAA နဲ့ မိုင်းလားတပ်မတော် NDAA တို့နဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

KNPP အဖွဲ့ကတော့ NRPC ကဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်မှာဖြစ်ပြီး အစိုးရနဲ့ တပ်မတော်ပြောကြားချက်တွေကို ဆွေးနွေးသွားမယ်လို့ KNPP အတွင်းရေးမှူး ခူးပလူးရယ်က RFA ကို မနေ့က ပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင် ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။