ALD အဖွဲ့ဝင်တွေ ANP ကနေခွဲ ထွက်ပြီး ပါတီအသစ်ထောင်မည်
2016.09.11
ရခိုင်အမျိုးသားပါတီ ANP ကနေ ခွဲထွက်ပြီး ပါတီအသစ်တည်ထောင်ဖို့အတွက် ပြင်ဆင်နေပြီလို့ ပါတီဟောင်းဖြစ် တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD က ခေါင်းဆောင် တွေကပြောပါတယ်။
ANP ကို ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDPနဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီ ၂ ပါတီကို ပေါင်း ပြီး ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ALD ပါတီဝင်ဟောင်းတွေ စုပေါင်းပြီး သီးခြားပါတီတစ်ခု ပြန်ထောင်ဖို့ရှိတယ်လို့ ALD ပါတီရဲ့ အတွင်းရေးမှူး ဟောင်း ဦးမျိုးကျော်က ပြောပါတယ်။
မနေ့က ရန်ကုန်မြို့မှာ ALD ပါတီ ခေါင်းဆောင်တွေနဲ့ ပါတီဝင်ဟောင်းတွေ အစည်းအဝေးကျင်းပပြီး ပါတီသစ် တည်ထောင်ရေးကိစ္စ ဆောင်ရွက်ဖို့ အဖွဲ့ဝင် ၁၁ ယောက်ပါတဲ့ ဦးဆောင်ကော်မတီကို ဖွဲ့စည်းလိုက်တယ်လို့လည်း ဦးမျိုးကျော်က ပြောပါတယ်။
ALD ပါတီဝင်ဟောင်းတွေနဲ့ ခေါင်းဆောင်တွေဟာ လက်ရှိ ရခိုင်အမျိုးသားပါတီ ရဲ့ အရေးပါတဲ့နေရာတွေကနေ ဖယ်ထားခံရတာတွေ ရှိနေသလို ထုတ်ပယ် ခံထားရသူတွေလည်း ရှိပါတယ်။
ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ရခိုင်အမျိုးသားပါတီဟာ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နဲ့ ပြည်နယ် လွှတ်တော်တွေမှာ စုစုပေါင်းကိုယ်စားလှယ် ၄၄ နေရာ ရွေးချယ်ခံထားရပြီး ရခိုင်ပြည်နယ်မှာ အင်အားအကြီးဆုံး ပါတီဖြစ်ပါတယ်။