မင်းတပ်မှာ လေကြောင်းက ဗုံးကြဲလို့ ဒေသခံခြောက်ဦး ဒဏ်ရာရ
2024.05.31

ချင်းပြည်နယ် မင်းတပ်မြို့နယ်က ချပ်ရွာကို မေလ ၃၁ ရက် ဒီနေ့ မနက်အစောပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် လူခြောက်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲဖြစ်တာမရှိဘဲ ဂျက်တိုက်လေယာဥ်နဲ့ ဗုံးနှစ်လုံး ကြဲချခဲ့တာကြောင့် ဒေသခံတွေ ထိခိုက်ဒဏ်ရာရခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ဒီကနေ့ မနက် တစ်နာရီမှာ ဂျက်ဖိုက်တာနဲ့ ဗုံးလာချသွားတာ။ အဲဒီမှာ လူခြောက်ဦး ဒဏ်ရာရသွားတယ်။ သားအမိ နှစ်ဦးလည်း ပါတယ်။ ချပ်ရွာထဲကိုချတာ။ တိုက်ပွဲတွေ မရှိဘဲပစ်တာ”
မင်းတပ်မြို့အခြေစိုက် စစ်ကောင်စီရဲ့ ခလရ - ၂၇၄ တပ်ရင်းကလည်း မကြာခဏ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေ ရှိနေတယ်လို့လည်း သူကဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ တစ်လအတွင်းမှတော့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းကနေ အကြိမ်ကြိမ် တိုက်ခိုက်မှုတွေကြောင့် ဒေသခံငါးဦး သေဆုံးပြီး သုံးဆယ်ကျော် ဒဏ်ရာခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီလို လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ရွာမှာမနေရဲတော့ဘဲ တောင်ယာတွေနဲ့ ဗုံးခိုကျင်းလို နေရာမျိုးတွေမှာ နေ့ထိုင်နေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ပြည်သူတွေက အရမ်းကြောက်စိတ်တွေ များနေပြီ။ ရွာထဲမှာ မနေကြတော့ဘူး။ လူစုလူဝေး မလုပ်ရဲကြတော့ဘူး။ တော်တော်များများက တောင်ယာတွေနဲ့ ကတုတ်ကျင်းထဲမှာပဲ အိပ်ကြတော့တယ်။ နေမကောင်းဖြစ်တဲ့သူလည်း ရှိတယ်။ ညဆိုလည်း ခဏခဏ ထပြေးကြရတယ်”
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
အာဏာသိမ်းကာလ သုံးနှစ်ကျော်အတွင်းမှာတော့ မင်းတပ်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်ရဲ့တိုက်ခိုက်မှုတွေကြောင့် အရပ်သား နှစ်ဆယ်ကျော် သေဆုံးပြီး ခြောက်ဆယ်နီးပါး ဒဏ်ရာရခဲ့တယ်လို့ CDF - မင်းတပ်က ပြောဆိုထားပါတယ်။