ဂန့်ဂေါက နှမ်းခါးရွာ ဆေးခန်းဗုံးကြဲခံရပြီး ၁၁ ဦး သေဆုံး
ဂန့်ဂေါမြို့နယ် နှမ်းခါးရွာက ဆေးခန်းတစ်ခုကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁၁ ဦး သေဆုံးခဲ့ပါတယ်။
-
RFA Burmese
2025-03-22 -
-
-
မကွေးတိုင်း ဂန့်ဂေါမြို့နယ် နှမ်းခါးရွာက ဆေးခန်းတစ်ခုကို မတ်လ ၂၂ ရက်မှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁၁ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဆရာဝန်မိသားစုသုံးဦးနဲ့ ဆေးခန်းလာပြတဲ့ အရပ်သားရှစ်ဦး သေဆုံးခဲ့ပြီး နောက်ထပ် ခြောက်ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ကျွန်တော်တို့အလောင်း ၁၁ လောင်း တွေ့တယ်။ အဲဒီထဲမှာ ကလေး ငါးယောက်တောင်ပါတယ်။ အားလုံးက အရပ်သားတွေချည်းပဲ။ မနက် ၈ နာရီကျော်လောက်မှာ ဗုံးကြဲသွားတာ”
တိုက်ပွဲဖြစ်တာ မရှိဘဲ စစ်ကောင်စီတပ်က အခုလို တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။
သေဆုံးထိခိုက်သူတွေရဲ့ အသေးစိတ်အချက်အလက်တွေကို RFA က အတည်မပြုနိုင်သေးပါဘူး။
ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူ ဦးမျိုးမြင့်ကို ဖုန်းခေါ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်ကောင်စီတပ်ဟာ မတ်လ ၁၈ ရက်ကစလို့ ဂန့်ဂေါမြို့နယ်အတွင်း ကျေးရွာတွေကို နယ်မြေရှင်းလင်းရေး လုပ်နေတာကြောင့် အနောက်ဂန့်ဂေါရွာ၊ ပိတောက်ကုန်းရွာ၊ လုံခြုံရွာတွေ အပါအဝင် အနီးအနားရွာတွေက ဒေသခံ လေးထောင်နီးပါး ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
RFA က ပြုစုထားတဲ့ စာရင်းတွေအရ အာဏာသိမ်းချိန်ကနေ ၂၀၂၅ ခုနှစ် မတ်လ ၂၂ ရက်အထိ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် နိုင်ငံတစ်ဝန်းမှာ အရပ်သား ၃၅၅၄ ဦးသေဆုံးပြီး၊ ၇၀၆၄ ဦးဒဏ်ရာရခဲ့ပါတယ်။