မြိုင်မှာ NUG ရဲ့ အောင်ဆန်းတက္ကသိုလ် ဗုံးကြဲတိုက်ခိုက်ခံရ
2025.01.31

မကွေးတိုင်း မြိုင်မြို့နယ် အနောက်ပိုင်းမှာ ဖွင့်လှစ်ထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အောင်ဆန်း ဘာသာရပ်စုံ တက္ကသိုလ်ကို ဇန်နဝါရီလ ၃၀ ရက်နေ့မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်တာကြောင့် ကျောင်းသူ တစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီနေ့ မနက်အစောပိုင်း ဂျက်တိုက်လေယာဉ်နှစ်စီးနဲ့ ဗုံးကြဲချိန် လူ သုံးဦး ဒဏ်ရာရခဲ့ပြီး ညနေပိုင်း ထပ်မံတိုက်ခိုက်ခံရချိန်မှာ ကျောင်းသူ တစ်ဦး သေဆုံးပြီး နောက်ထပ် တစ်ဦး ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။ သူတို့ရဲ့ ကိုယ်ရေးအချက်အလက် အသေးစိတ်ကို မသိရသေးပါဘူး။
စစ်ကောင်စီတပ်က တက္ကသိုလ်နေရာကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်တာလို့ မြိုင်ဒေသခံတစ်ဦးက ပြောပါတယ်။
“ထိတာက ကျွန်တော်တို့ တက္ကသိုလ် ကျောင်းသူ မိန်းကလေး ထိတာဗျ။ ချတာက စားဖိုနဲ့ ကျောင်းသားအဆောင်ကိုချတာ။ လွဲသွားတယ်။ နေရာတွေလွဲသွားလို့ ကျောင်းသားတွေ အများစုနေတဲ့ အဆောင်တွေပေါ် တည့်တည့်ကျရင် အများကြီး သေကုန်မှာဗျ။ ရည်ရွယ်ချက်ရှိရှိကို လာပစ်သွားတာ”
အောင်ဆန်း ဘာသာရပ်စုံ တက္ကသိုလ်ကို အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က ဖွင့်လှစ်သင်ကြားနေတာ တစ်လခန့်ရှိနေပြီလို့ ဆိုပါတယ်။ ဒီတက္ကသိုလ်ရဲ့ အချက်အလက်တွေကို သိနိုင်ဖို့ NUG ပညာရေးနဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးကို ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
RFA ရဲ့ စာရင်းတွေအရ ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် နိုင်ငံတစ်ဝန်း အရပ်သား ၁,၇၆၉ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၃,၇၂၀ ဦး ရှိခဲ့ပါတယ်။