ရခိုင်ပြည်နယ်အရေး အိမ်နီးချင်းနိုင်ငံတွေ ကူညီကြဖို့ တိုက်တွန်း
2016.09.30

ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး ဒေသတွင်းနိုင်ငံတွေက အပြုသဘောဆောင်တဲ့ ပံ့ပိုးကူညီမှုတွေ ပေးကြဖိုနဲ့ အစိုးရအနေနဲ့ ရခိုင်ပြည်နယ်အပြင် ပဋိပက္ခကူးစက်ခံရတဲ့ နယ်မြေဒေသတွေမှာ ကောင်းမွန်တဲ့ အပြောင်းအ လဲတွေ ရယူနိုင်အောင် ကြိုးပမ်းသွားဖို့ ဆုံးဖြတ်ထားကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ပြောကြားလိုက်ပါတယ်။
ဒီကနေ့ နေပြည်တော် မြန်မာကွန်ဗန်းရှင်းစင်တာ ၁ မှာ ကျင်းပတဲ့ အာဆီယံပါလီမန်များ ညီလာခံဖွင့်ပွဲ အခမ်းအနားမှာ မြန်မာနိုင်ငံရဲ့ အခြေအနေကို ရှင်းပြစဉ် ရခိုင်ပြည်နယ်အရေးဟာ မြန်မာနိုင်ငံတင်မက ဘဲ ဒေသတွင်းနဲ့ နိုင်ငံတကာ အရေးကိစ္စဖြစ်တာကြောင့် ကူညီကြဖို့ တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။
"ဒီအသိုင်းအဝိုင်း ၂ ခုကြားမှာ အမုန်းတရားတွေ၊ သည်းမခံနိုင်မှုတွေနဲ့ အစွန်းရောက်မှုတွေကို ဆန့်ကျင်လိုစိတ်တွေ ဖြစ်ပေါ်လာအောင် ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ဒီလို ကြိုးပမ်းဆောင်ရွက်တဲ့ အချိန်မှာ ဒေသတွင်းနိုင်ငံတွေ အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ အပြုသဘောဆောင်တဲ့ ပံ့ပိုးကူညီ မှုတွေပေးကြဖို့ ကျမအနေနဲ့ တောင်းဆိုလိုက်ပါတယ်။ ရခိုင်ပြည်နယ်နဲ့ ပြည်တွင်းက ပဋိပက္ခကူးစက်ခံ နယ်မြေဒေသတွေမှာ ကောင်းမွန်တဲ့ အပြောင်းအလဲတွေ ရယူပေးနိုင်ဖို့ ဆုံးဖြတ်ထားပြီး ဖြစ်ပါတယ်" လို့ ပြောပါတယ်။
မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ ပါလီမန်ဒီမိုကရေစီစနစ်ကို အစောဆုံးကျင့်သုံးခဲ့ပေမယ့် ဖြစ်ရပ်ဆိုးတွေနဲ့ ကြုံတွေ့ခဲ့ရပြီး ပါလီမန် ဒီမိုကရေစီစနစ်ကို ဆုံးရှုံးခဲ့ရကြောင်း ပြောပါတယ်။ အခုဆိုရင် ပါလီမန်ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို ပြန်လည်ရောက်ရှိလာပြီဖြစ်ေြကာင်းနဲ့ လက်ရှိလွှတ်တော်ကို တက်ကြွတဲ့ လွှတ်တော်ဖြစ်အောင် ကြိုးပမ်းနေကြောင်း ပြောပါတယ်။
ဒါ့အပြင် ဥပဒေပြုသူ လွှတ်တော်အမတ်များဟာ ဥပဒေချိုးဖေါက်သူတွေဖြစ်လို့ မရသလို ဒီမိုကရစ်တစ်စနစ်ရဲ့ ဥပဒေမဏ္ဍိုင်ကိုလည်း အမှန်တကယ် ကိုယ်စားပြုပေးရမှာဖြစ်ကြောင်း ပြောပါတယ်။
ဒီနှစ် အာဆီယံပါလီမန်များ ညီလာခံဆောင်ပုဒ်က "အာဆီယံအသိုက်အဝန်း တိုးတက်ထွန်းကားရေး အာဆီယံပါလီမန်များ ညီလာခံက တက်ကြွလှုပ်ရှားပေး" ဖြစ်ပါတယ်။
ဒီညီလာခံဟာ ဒီကနေ့ကနေ လာမယ့် အောက်တိုဘာလ ၂ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပမှာဖြစ်ပါ တယ်။ ဆွေးနွေးမယ့် ခေါင်းစဉ်တွေက ဒေသတွင်းမှာ အားလုံးရင်ဆိုင်နေရတဲ့ အွန်လိုင်းရာဇဝတ်မှု၊ ကမ္ဘာ့ ရာသီဥတု ပြောင်းလဲနေမှု၊ အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းတွေ တိုးတက်ကောင်းမွန်လာရေး စတဲ့ကိစ္စရပ်တွေအပေါ် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
Reference: နိုင်ငံတော်အတိုင်ပင်ခံရုံး ကြေညာချက်