ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေး အကျဉ်းသားအားလုံး ပြန်လွှတ်ဖို့ AI အဖွဲ့ တောင်းဆို
2015.10.08

ဖမ်းဆီးထားတဲ့ ကျောင်းသားတွေအပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို နိုဝင်ဘာလ ရွေးကောက်ပွဲမတိုင်ခင် ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ ဗြိတိန်နိုင်ငံအခြေစိုက် Amnesty International (AI) ခေါ် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးက မြန်မာအစိုးရကို ဒီနေ့ တောင်းဆိုလိုက်ပါတယ်။
“လမ်းဟောင်းကို ပြန်သွားနေတဲ့ မြန်မာနိုင်ငံ” လို့ အမည်ပေးထားတဲ့ အစီရင်ခံချက်တစ်စောင်ကို Amnesty International အဖွဲ့က မနေ့ကနေ့စွဲနဲ့ ထုတ်ပြန်လိုက်တာပါ။ သမ္မတဦးသိန်းစိန် အစိုးရဟာ အရင်စစ်အစိုးရ အသုံးပြုခဲ့တဲ့ နည်းလမ်းတွေအတိုင်း ၂ဝ၁၄ နှစ်ဆန်းပိုင်းကစပြီး လူ့အခွင့်အရေး-နိုင်ငံရေးလှုပ်ရှားသူတွေကို ဖိနှိပ်ကန့်သတ်၊ ဖမ်းဆီးအကျဉ်းချခဲ့တယ်လို့ ဆိုပါတယ်။ ဒီတောင်းဆိုမှုနဲ့ပတ်သက်လို့ AI အဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံ မစ္စစ် Laura Haigh က RFA ကို အခုလိုပြောပါတယ်။
“မြန်မာအစိုးရအနေနဲ့ ရွေးကောက်ပွဲမတိုင်ခင် ကျောင်းသားတွေအပါအဝင် ယုံကြည်ချက်အကျဉ်းသား အားလုံးပြန်လွှတ်ပေးဖို့၊ အဲဒီနောက်မှာလည်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ဖိနှိပ်ဖမ်းဆီးနိုင်တဲ့ ဥပဒေပုဒ်မတွေဖျက်သိမ်းဖို့ တောင်းဆိုလိုက်တာပါ”
လောလောဆယ် မြန်မာနိုင်ငံမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ ၉၄ ယောက်ထက်မနည်းရှိနေပြီး၊ ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြတဲ့ ကျောင်းသားတွေအပါအဝင် တရားစွဲဆိုခံနေရသူ တစ်ရာကျော် ရှိနေတဲ့အကြောင်း အစီရင်ခံစာမှာ အသေးစိတ်ဖော်ပြထားပါတယ်။ မြန်မာအစိုးရအနေနဲ့ သူတို့အားလုံးကို ရွေးကောက်ပွဲမတိုင်ခင် ပြန် လွှတ်ပေးဖို့၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေကို ဖိနှိပ်ဖမ်းဆီးနိုင်တဲ့ ဥပဒေပုဒ်မတွေကို ဖျက်သိမ်းဖို့နဲ့၊ နိုင်ငံတကာ အသိုင်းအဝိုင်း အထူးသဖြင့် အမေရိကန်၊ EU နဲ့ အာဆီယံနိုင်ငံ အစိုးရတွေအနေနဲ့လည်း နိုင်ငံရေးအကျဉ်းသားတွေ ကို ခြွင်းချက်မရှိ ချက်ခြင်းပြန်လွှတ်ပေးရေးအတွက် မြန်မာသမ္မတကို အတိအလင်းတောင်းဆိုကြဖို့ Amnesty International အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။