မြန်မာ့အရေးဆောင်ရွက်ချက် နှေးကွေးမှုအပေါ် နိုင်ငံတကာကို AI ဝေဖန်
မြန်မာ့အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့ အရေးယူဆောင်ရွက်မှုတွေ နှောင့်နှေးကြန့်ကြာနေတဲ့အပေါ် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI က ဒီကနေ့ ကြေညာချက်ထုတ်ပြီး ဝေဖန်လိုက်ပါတယ်။
- 2022-01-27
-
-
-
မြန်မာ့အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့ အရေးယူဆောင်ရွက်မှုတွေ နှောင့်နှေး ကြန့်ကြာနေတဲ့အပေါ် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI က ဒီကနေ့ ကြေညာချက် ထုတ်ပြီး ဝေဖန်လိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်အတွင်း တွေ့မြင်ခဲ့ရတဲ့ ဆန္ဒပြသူတွေကို သေစေနိုင်လောက်တဲ့ အကြမ်းဖက်မှုတွေ အပါအဝင် စိုးရိမ်စရာကောင်းတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဆောင်ရွက်ချက်တွေ နှောင့်နှေးကြန့်ကြာနေဦးမယ်ဆိုရင် လူ့အခွင့်အရေးဆိုင်ရာ အကျပ်အတည်းဟာ ပိုဆိုးရွားလာပြီး လူအများအပြားကို ပိုပြီး ခံစားရလိမ့်မယ်လို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ပြောပါတယ်။
“အာဏာသိမ်းတာ တစ်နှစ်ပြည့်တော့မယ်။ အခုဆိုရင် စစ်တပ်ဟာ နိုင်ငံရဲ့ အရှေ့ တောင်ပိုင်းမှာ အရပ်သားအများအပြား သေဆုံးခဲ့တဲ့ ခွဲခြားခြင်းမရှိတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ဆောင်ရွက်ခဲ့သလို ရှင်သန်ရေး အကူအညီတွေကိုလည်း ပိတ်ဆို့ခဲ့တယ်။ သတင်းသမားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးထိန်းသိမ်းတာတွေနဲ့ အကျဉ်း ထောင်တွေထဲမှာ သေဆုံးတဲ့အထိ သွေးထွက်သံယိုဖြစ်မှုတွေကိုလည်း ဆက်ပြီးလုပ် ဆောင်နေပါတယ်။ ရိုဟင်ဂျာတွေအပေါ် အလွန်ဆိုးရွားတဲ့ လူ့အခွင့် အရေးချိုးဖောက်မှု ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ပြုမှုခဲ့သလိုမျိုးပဲ ကမ္ဘာ့နိုင်ငံ အများအပြားဟာ ဒီရက်စက် ကြမ်းကြုတ်တဲ့လုပ်ရပ်တွေကိုလည်း မမြင်သလို လုပ်နေကြပါတယ်။ အကျိုးဆက် ကတော့ စစ်တပ်ဟာ ပြစ်ဒဏ်ကင်းလွတ်ခွင့် ရနေပြီး သူ့အမိန့်ကိုဆန့်ကျင်တဲ့ ဘယ်သူ့ကိုမဆို သုတ်သင်ရှင်းလင်းတာတွေကို မျက်နှာပြောင် တိုက်ပြီး တိုးပြီးတော့ ဆောင်ရွက်လာတယ်” လို့ AI ရဲ့ဒေသဆိုင်ရာ ဒုတိယ ညွှန်ကြားရေးမှူး Ming Yu Hahက ပြောပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ သူ့ရဲ့လေးဖင့်နှောင့်နေးမှုတွေကို ရပ်တန့်ပစ် ရမှာဖြစ်သလို ကမ္ဘာ့လက်နက်ဝယ်ယူခွင့် ပိတ်ဆို့ဒဏ်ခတ်တာမျိုးတွေ၊ စစ်တပ် ခေါင်းဆောင်တွေကို ပစ်မှတ်ထား ပိတ်ဆို့အရေးယူတာတွေအစား နိုင်ငံတကာတရားရုံးကို လွှဲပြောင်းရမယ်လို့လည်း AI ကပြောပါတယ်။
ဒါ့အပြင် အာဆီယံအနေနဲ့လည်း မြန်မာအပေါ် စုစည်းတဲ့ပုံစံတစ်ခုနဲ့ ရင်ဆိုင်ဖြေရှင်းရမှာ ဖြစ်သလို အရပ်သားတွေအပေါ် အကြမ်းဖက်တိုက်ခိုက်တာတွေ ချက်ချင်းရပ်တန့်ဖို့ စစ်တပ်ကို တောင်းဆိုတာ၊ အာဆီယံဟာ သဘောတူညီချက် ငါးရပ်ကို ရှင်းလင်းတိကျတဲ့ အချိန်သတ်မှတ်ချက်တွေနဲ့အတူ အကောင်အထည်ဖော်ရေးနဲ့ လူသားချင်းစာနာမှုအကူ အညီတွေအပေါ် ပိတ်ဆို့ထားတာတွေကို ရပ်တန့်ဖို့ စစ်တပ်ကို ဖိအားပေးတာတွေ ဆောင်ရွက်သင့်တယ်လို့လည်း AI ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။