စစ်အာဏာသိမ်းမှု ရှစ်လအကြာ ပြည်သူတွေ ပိုမိုခက်ခဲလာ

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းထားတာ ဒီနေ့ဆိုရင်အချိန် ရှစ်လတိတိ ပြည့်ခဲ့ပါပြီ။ ယခင်က လူနေထူထပ်တဲ့ ရန်ကုန်၊ မန္တလေးတို့လို မြို့ကြီးတွေက ဆူညံနေတဲ့ စူပါမားကတ်တွေ၊ လူသွားလမ်းတွေနဲ့ လူစည်ကားတဲ့နေရာတွေဟာ အခုတော့ တိတ်ဆိတ်ခြောက်ကပ်နေပြီလို့ မြို့ခံပြည်သူတွေက ပြောကြပါတယ်။

၂၀၂၁ စက်တင်ဘာ ၇ ရက်နေ့က ရန်ကုန်မြို့လယ်မှာ သွားလာနေသူတွေကို တွေ့ရစဥ်

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတာ ဒီနေ့အချိန် ရှစ်လတိတိ ပြည့်တဲ့နေ့မှာပဲ လူနေထူထပ်တဲ့ ရန်ကုန်၊ မန္တလေးတို့လို မြို့ကြီးတွေက ဈေးဝယ်စင်တာတွေ၊ လူသွားလမ်းတွေနဲ့ လူစည်ကားတဲ့နေရာတွေဟာ တိတ်ဆိတ်ခြောက်ကပ်နေတယ်လို့ မြို့ခံပြည်သူတွေက ပြောကြပါတယ်။

ရန်ကုန်မြို့မှာ ကားလမ်းမဘေးတွေ၊ လူနေရပ်ကွက်၊ စာသင်ကျောင်းနဲ့ လုံခြုံရေး ရဲကင်းစခန်းအပါအဝင် နေရာတော်တော်များများမှာ နေ့စဉ်လိုလို ဗုံးပေါက်ကွဲမှုတွေ၊ လုပ်ကြံသတ်ဖြတ်မှုတွေ ဖြစ်ပေါ်နေတာကြောင့် အန္တရာယ်ဇုန်တစ်ခုလို ဖြစ်လာနေပြီး ယခင်က လူစည်ကားတဲ့နေရာတွေဟာ အခုတော့ တိတ်ဆိတ် ခြောက်ကပ်ကုန်ပြီလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့ခံတစ်ဦးက ပြောပါတယ်။

"မြို့ထဲထွက်လာချိန်မှာ ဒီလိုပါပဲ အကုန်ခြောက်ကပ်နေတယ် မစည်ကားတော့ဘူး။ ဈေးဝယ်စင်တာ ကတော့ သွားမနေဘူး။ ပိုက်ဆံတတ်နိုင်တဲ့သူတွေကတော့ သွားတာပေါ့။ ဒါပေမဲ့လည်း အခုနောက်ပိုင်း ပိုက်ဆံ ဘယ်လောက်တတ်နိုင်၊ တတ်နိုင် အပြင်ထွက်ဝယ်ဖို့က မလွယ်ပါဘူး။ သိတယ်မလား ရှော့ပင်းမောကြီးတွေတောင် တချို့တွေက နားကုန်ကြပြီ။ အရင်လို စီးပွားရေးမကောင်းတော့ဘူးလေ။ လွတ်လွတ်လပ်မရှိတာတော့ လုံးဝမရှိဘူး"

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ မတိုင်ခင်က ရွှေ့ပြောင်းလုပ်သားတွေ၊ တစ်နယ်တစ်ကျေးက ကုန်သည် ပွဲစားတွေ အပါအဝင် လူ ခုနစ်သန်းလောက် နေထိုင်ခဲ့တဲ့ ရန်ကုန်မြို့ဟာ အာဏာသိမ်းပြီး နောက်မှာတော့ လုံခြုံရေးစိုးရိမ်ရမှု၊ စီးပွားရေးလုပ်ငန်းတွေ ပိတ်သိမ်းမှုနဲ့ အလုပ်အကိုင်ရှားပါးမှုတွေကြောင့် လူတော်တော် များများဟာ ရန်ကုန်မြို့ကို စွန့်ခွာသွားကြပြီလို့ သူကပြောပါတယ်။

အလားတူ ယခင်က မြန်မာ့အကြီးဆုံး ကျောက်မျက်ဈေးကွက် အပါအဝင် ဒုတိယစီးပွားရေးမြို့တော်ဖြစ်တဲ့ မန္တလေးမြို့ရဲ့ လမ်းမကြီးတွေပေါ်မှာ ဈေးဝယ်သူတွေ၊ အလုပ်သမားတွေ၊ ခရီးသွားတွေနဲ့ ပြည့်နေခဲ့ပေမယ့် အခုတော့ သေနတ်ကိုင်ထားတဲ့ စစ်သားတွေကပဲ ကြီးစိုးထားတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

"အကုန်လုံး ရှစ်လတာ အတိုင်းအတာအတွင်းမှာ စီးပွားရေးလည်း အဘက်ဘက်က ဆုတ်ယုတ်တယ်။ လုံခြုံမှုလည်း မရှိပါဘူး ခင်ဗျာ။ ကျွန်တော်တို့မြင်ရတဲ့ အခြေအနေကတော့။ မဖြစ်မနေ ဝယ်ရမယ့် ကိစ္စမျိုးကလွဲလို့ စည်ကားနေတာတော့ မတွေ့ရပါဘူး။ အထူးသဖြင့် စိတ်မကောင်းစရာက မန္တလေးမှာရှိတဲ့ နာမည်ကြီး ကျောက်မျက်ဈေးကွက်ပေါ့။ လူတွေ စီးပွားရေးအဆင်မပြေတော့ အရောင်းဝယ်လုပ်လို့ရတဲ့ ကျောက်မျက်ဈေးကွက်ပဲရှိတယ်။ အဲဒီမှာတော့ အဓိကအားဖြင့် အောက်ခြေကျောက်ကလေးတွေ ထောင်၊ သောင်းတန် သမားတွေက သူတို့ပဲလုပ်ကိုင်နေတာ တကယ့် လက်ကြီးသမား သိန်းချီ အလုပ်လုပ်နေသူ တွေတော့ မရှိပါဘူး"

အာဏာသိမ်းပြီးနောက် Telenor၊ Myanmar Metals တို့အပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၁၅ ခုဟာ လုပ်ငန်းပိတ်သိမ်းတာ၊ ယာယီ ရပ်နားတာ၊ ရောင်းချတာနဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နဲ့ လက်တွဲ ဖြုတ်တာတွေကို လုပ်ခဲ့တယ်လို့ မြန်မာ့ မူဝါဒနဲ့ မဟာဗျူဟာလေ့လာရေးအင်စတီကျု (Institute for strategy and policy- myanmar) ရဲ့ စက်တင်ဘာလထုတ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အဲဒီအထဲမှာ ဂျပန်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု လေးခုအထိ ပါဝင်နေပြီး စင်ကာပူ၊ ဩစတြေးလျ၊ အမေရိကန်၊ ထိုင်ဝမ်၊ မလေးရှား၊ ဟောင်ကောင်၊ နော်ဝေ၊ ပြင်သစ်နဲ့ ထိုင်းနိုင်ငံတို့ရဲ့ လုပ်ငန်းတွေလည်း ပါဝင်နေပါတယ်။

စစ်တပ်က အာဏာသိမ်းခဲ့လို့ မြန်မာနိုင်ငံရဲ့ စီးပွားရေး ထိခိုက်ခဲ့ရပြီး အလုပ်အကိုင်ပေါင်း တစ်သန်းနှစ်သိန်း လောက် ဆုံးရှုံးခဲ့ရတယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) က ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက ထုတ်ပြန်ခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်းကတည်းက ယိုယွင်းလာတဲ့ တိုင်းပြည်အခြေအနေဟာ အချိန် ရှစ်လအကြာ မှာတော့ အခြေခံ စားသောက်ကုန် ဈေးနှုန်းမြင့်တက်မှု၊ ငွေကြေးဖောင်းပွမှု၊ အလုပ်အကိုင် ရှားပါးမှုနဲ့ မလုံခြုံမှုဒဏ်ကို မြန်မာပြည်သူတွေ အလူးအလဲခံနေရတယ်လို့ ရန်ကုန်မြို့က နိုင်ငံရေးလေ့လာသူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ပြောပါတယ်။

“ထင်သာမြင်သာရှိတာကတော့ လူတွေအကုန်လုံး ဆင်းရဲသွားကြတယ်။ မြန်မာကျပ်ငွေတန်ဖိုး ကျတာရယ်၊ စီးပွားရေးရပ်တာရယ်၊ နောက် ကိုဗစ်ကြောင့်မို့ ထိခိုက်နစ်နာတာတွေရယ်၊ အဲဒါတွေကြောင့် ကမ္ဘာ့ဘဏ် ကလည်း ပြောထားတယ် GDP ၁၈ ရာခိုင်နှုန်းလောက် ကျသွားတယ်ဆိုတာ၊ အဲဒီထက်မက ပိုပြီးကျသွားဖို့ ရှိတယ်။ နောက် ဝင်ငွေတွေလည်း ကျကြတယ်ဆိုတော့ အကုန်လုံးက ဆင်းရဲနွမ်းပါးမှု တိုးလာတာ သိသာတယ်”

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက်ပိုင်း ဒီနေ့အချိန်အထိ ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ ငွေကြေးတန်ဖိုးကျဆင်းမှုတွေ ဆက်တိုက်ဖြစ်လာခဲ့ပါတယ်။

(ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်က ပိတ်ထားတဲ့ဆိုင်တွေကို ၂၀၂၁ စက်တင်ဘာ ၁၆ ရက်နေ့က တွေ့ရစဉ်)

စစ်တပ်အာဏာမသိမ်းခင် ကျားပျံ ဆန်တစ်အိတ်ကို ၃၄၀၀၀ ကျပ်သာ ရှိခဲ့ပေမယ့် အာဏာသိမ်းမှု ရှစ်လအကြာ ဒီနေ့မှာတော့ ၄၇၀၀၀ အထိဈေး တက်လာသလို၊ စက်သုံးဆီဈေးနှုန်းကလည်း နှစ်ဆ တက်လာပါတယ်။

ပြည်တွင်းရွှေဈေးနဲ့ ဒေါ်လာဈေးနှုန်းဟာလည်း ဈေးကွက်မှာ နှစ်ဆနီးပါး မြင့်တက်နေပါတယ်။ အာရှဖွံ့ဖြိုးရေး ဘဏ် (ADB) အချက်အလက်တွေအရ မြန်မာငွေကြေးဖောင်းပွမှုဟာ ၆.၂ အထိ ရှိနေပါတယ်။

ဒါ့အပြင် ဝန်ထမ်းအများအပြားဟာ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး အာဏာဖီဆန်မှု (CDM) မှာ ပါဝင်ထားကြသလို ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း အလုံအလောက် မပေးနိုင်ဘူးလို့လည်း ဒေါက်တာ စိုင်းကြည်ဇင်စိုးက ပြောပါတယ်။

စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်း ကတော့ လက်ရှိ မြန်မာငွေတန်ဖိုးကျဆင်းမှု အပါအဝင် စီးပွားရေး အကျပ်အတည်းတွေအတွက် သူတို့မှာတာဝန်ရှိတယ်ဆိုတာကို စက်တင်ဘာ ၃၀ ရက် မနေ့က သတင်းစာရှင်းလင်းပွဲမှာ ဝန်ခံပြောဆိုခဲ့ပါတယ်။

“အစိုးရတစ်ရပ် အနေနဲ့ကတော့ ရှေးတုန်းကဖြစ်ခဲ့တဲ့ အတိတ်တွေ၊ ရှေးတုန်းက ဘာကြောင့်မိုလို့ ဖြစ်ခဲ့တယ်ဆိုတဲ့ အတိတ်တွေကို ကျွန်တော်တို့က ပြန်ပြောင်းပြီးတော့ အပြစ်တင်ပြောနေတာထက် မိမိလက်ထက်မှာ ဖြစ်တာပဲ။ မိမိလက်ထက်မှာ ဖြစ်တာဖြစ်တဲ့အတွက်ကြောင့် မိမိလက်ထက်မှာ ဖြစ်တဲ့ဟာကို တာဝန်ယူမှု တာဝန်ခံမှု ရှိရမှာဖြစ်တယ်။ အကောင်းဆုံး ကျွန်တော်တို့ ဖြေရှင်းရမှာ ဖြစ်တယ်။ ကျွန်တော်တို့အနေနဲ့ ပြောလိုတာကတော့ နိုင်ငံတော် အစိုးရအနေနဲ့ကတော့ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး အကောင်းဆုံးဖြေရှင်းနိုင်ရေး၊ အပြည့်အစုံ ဖြေရှင်းနိုင်ရေး မဟုတ်တောင်မှ အကောင်းဆုံး ဖြေရှင်းနိုင်ရေးကို ကျွန်တော်တို့ ရှိသမျှအင်အားနဲ့ ဆောင်ရွက်လျက်ရှိတယ်လို့ပဲ ပြောချင်ပါတယ်”

အာဏာသိမ်းထားတဲ့ အချိန် ရှစ်လတာကာလအတွင်း မြန်မာနိုင်ငံတစ်ဝန်းမှာ စစ်ရေးပဋိပက္ခတွေလည်း ပိုပြီး ကျယ်ပြန့်လာနေပါတယ်။ စစ်တပ်ကို လက်နက်စွဲကိုင်တော်လှန်ဖို့ ဖွဲ့စည်းတဲ့ လက်နက်ကိုင် အဖွဲ့အစည်းသစ် တွေလည်း ဆက်တိုက်ပေါ်ပေါက်နေပြီး ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု (Myanmar Institute for Peace and Security –MIPS) ရဲ့ စာရင်းတွေအရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပေါင်း ၃၄၄ ဖွဲ့အထိ ရှိနေပြီလို့ ဆိုပါတယ်။

"လူငယ်တွေရဲ့ အနာဂတ် ပျောက်နေတာက တိုင်းပြည်ရဲ့ အနာဂတ်ပျောက်နေတာနဲ့ အတူတူပါပဲ"

စစ်တပ်အာဏာမသိမ်းခင် ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်လောက်သာ စစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ရှမ်း၊ စကိုင်း၊ မကွေး စတဲ့နေရာ တွေအထိ တိုက်ပွဲတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့ပါတယ်။

စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူကတော့ သူတို့အနေနဲ့ ငြိမ်းချမ်းရေးအတွက် တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

လက်ရှိမှာတော့ နိုင်ငံတစ်ဝန်း တိုက်ပွဲတွေကြောင့် စစ်တပ်အာဏာသိမ်းတဲ့ ရှစ်လအတွင်း အရပ်သား ၃၀၅၀၀၀ ကျော်အိုး အိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒုက္ခသည်အရေး ကူညီပေးနေသူတွေက RFA ကို ပြောထားပါတယ်။

(နိုင်ငံကူးလက်မှတ်လုပ်ရန် တန်းစီနေသူတွေကို ၂၀၂၁ စက်တင်ဘာ ၂၂ ရက်နေ့က ရန်ကုန်မှာ တွေ့ရစဥ်)

တစ်ဘက်မှာလည်း စစ်တပ်က အခုချိန်အထိ ဖမ်းဆီးနှိပ်စက်မှုတွေ ဆက်လက် ဆောင်ရွက်နေဆဲဖြစ်ပြီး နိုင်ငံအနာဂတ်အတွက် တွေးဝံ့စရာတောင် မရှိဘူးလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောင့်ရေးအသင်း (AAPP) တာဝန်ရှိသူတစ်ဦးက ပြောပါ တယ်။

“လက်ရှိအခြေအနေအရ ဖမ်းဆီးသတ်ဖြတ်မှုတွေက အရင်ထက်ပိုပြီးတော့ များလာတာကို တွေ့နေရပါတယ်။ အခုဆိုရင် ပေါ်ပေါ်တင်တင် သတ်ဖြတ်နေတာတွေတောင် တွေ့နေရပါတယ်။ ဥပမာ- စမ်းချောင်းက ဒေါက်တာ ဇင်လင်းတို့၊ သူနာပြုဆရာမ မခင်ခင်ကြွယ် တို့ကို သတ်တဲ့ ကိစ္စမျိုးတွေပေါ့။ အခုအခြေအနေ အတိုင်း ဆက်ဖြစ်နေမယ်ဆိုရင် ကျနော်တို့နိုင်ငံရဲ့ အနာဂတ်က တွေးတောင် မတွေးရဲစရာတွေဖြစ်နေပါပြီ။ လူငယ်တွေရဲ့အနာဂတ်ပျောက်နေပါပြီ။ အဲလိုလူငယ်တွေရဲ့ အနာဂတ် ပျောက်နေတာက တိုင်းပြည်ရဲ့ အနာဂတ်ပျောက်နေတာနဲ့ အတူတူပါပဲ”

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းရဲ့ စက်တင်ဘာ ၃၀ ရက်နေ့ စာရင်းအရ အချိန် ရှစ်လအတွင်း လူပေါင်း ၆၉၂၁ ဦး ဖမ်းဆီးချုပ်နှောင်ခံထားရဆဲဖြစ်သလို နောက်ထပ် လူပေါင်း ၁၉၈၉ ဦးလည်း ဖမ်းဝရမ်း ထုတ်ခံထားရပါတယ်။

RFA က ပြုစုထားတဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတဲ့ အချိန် ရှစ်လတာ ကာလအတွင်း သေဆုံးတဲ့အရပ်သား ၁၁၀၁ ဦးအထိ ရှိခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org