မြန်မာနိုင်ငံသားတွေ ဝင်ငွေသုံးဆ တိုးလာနိုင်တယ်လို့ အေဒီဘီ ခန့်မှန်း

မြန်မာနိုင်ငံအနေနဲ့ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အခက်အခဲတွေကို ကျော်လွှား နိုင်မယ်ဆိုရင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အားကောင်းလာပြီး လာမယ့် သက္ကရာဇ် ၂၀၃၀ ခုနှစ်လောက် အရောက်မှာ ဝင်ငွေအလယ် အလတ်တန်းစားလောက်ရှိမယ့် နိုင်ငံစာရင်းထဲကို ဝင်ရောက်နိုင်မယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် အေဒီဘီက ဒီကနေ့ ပြောဆိုလိုက်ပါတယ်။

၂၀၁၂ ခုနှစ် သြဂုတ်လ ၂၀ ရက်က ဘန်ကောက်တွင် ကျင်းပသည့် အာရှဖွံ့ဖြိုးရေးဘဏ် သတင်းစာ ရှင်းလင်းပွဲ၌ အေဒီဘီ စီးပွားရေးပညာရှင် အကြီးအကဲ Ms. Cyn-Young Park (လယ်)နှင့် အေဒီဘီအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ Stephen Groff (ယာ) တို့တက်ရောက်နေကြစဉ်။ RFA

ဘန်ကောက်မြို့မှာ ဒီကနေ့ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ စီးပွားရေးပညာရှင် အကြီးအကဲတစ်ဦးဖြစ်တဲ့ Ms. Cyn-Young Park က မြန်မာနိုင်ငံဟာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အင်မတန် အလားအလာ ကောင်းတဲ့နိုင်ငံ ဖြစ်ပါတယ်လို့ ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ပြည်တွင်းထုတ်ကုန် စုစုပေါင်းတန်ဖိုး ဂျီဒီပီဟာ လာမယ့် ၁၈ နှစ်အတွင်း နှစ်စဉ် ၇% ကနေ ၈% အထိ တိုးတက်နိုင်ပြီး လူတစ်ဦးချင်း တစ်နှစ်ဝင်ငွေဟာလည်း ၃ ဆလောက် ပိုများလာနိုင်တယ်လို့ အေဒီဘီက ခန့်မှန်းတွက်ချက် ပြောပါတယ်။

မြန်မာအစိုးရအနေနဲ့ တိုင်းပြည် ပြန်လည်ထူထောင်ရေးအတွက် အခြေခံအဆောက်အအုံတွေ၊ ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုဖူလုံရေးဆိုင်ရာ စီမံကိန်းတွေမှာ ရင်းနှီးမြှုပ်နှံဖို့ လိုအပ်နေတယ်လို့ အေဒီဘီက ထောက်ပြပြောဆိုပါတယ်။

အဲဒီလိုဖြစ်လာဖို့အတွက် မြန်မာအစိုးရ အနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေကို တစိုက်မတ်မတ် ဆောင်ရွက်ဖို့ လိုအပ်ကြောင်း အေဒီဘီအဖွဲ့ရဲ့ ဒုတိယ ဥက္ကဋ္ဌ Stephen Groff က တိုက်တွန်းလိုက်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org