စုံစမ်းရေးကော်မရှင်ဖွဲ့ဖို့ အမေရိကန် ထောက်ခံချက်ကို ဗြိတိန်မှအဖွဲ့က ကြိုဆို
2010.08.18

တဆက်တည်းမှာပဲ ၊ မြန်မာစစ်အစိုးရ အပေါ် ဖိအားပေးရေးအတွက် သမတ အိုဘားမားရဲ့ အစိုးရ အဖွဲ့ဟာ ငွေရေးကြေးရေးဆိုင်ရာ ပိတ်ဆို့ အရေးယူမှုကိုလည်း ပိုမို တင်းကျပ်ဖို့ စဉ်းစားနေတယ်လို့ အမည်မဖော်လိုတဲ့ အမေရိကန် အစိုးရ အရာရှိတွေက ပြောဆိုတယ်လို့ သိရှိရပါတယ်။
မြန်မာနိုင်ငံ အပေါ် သံတမန် လမ်းကြောင်းက တိုးမြှင့်ဆက်ဆံခဲ့ပေမဲ့လည်း အပြုသဘောဆောင်တဲ့ ရလဒ်တွေ မရရှိခဲ့ဘူးလို့လည်း အမေရိကန် အစိုးရ အရာရှိ တဦးက ပြောပါတယ်။အခုလို ကုလသမဂ္ဂ ကော်မရှင် ထူထောင်တာ ထောက်ခံဖို့ ဆုံးဖြတ်ရခြင်းရဲ့ အခြေခံ အကြောင်းတရားတွေက တော့ မြန်မာစစ်အစိုးရဟာ လူအစုလိုက် အပြုံလိုက်အပေါ် ရာဇဝတ်မှုတွေ ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်ဟာ အခြေအမြစ် ရှိကြောင်း သုံးသပ်ချက်နဲ့ မြန်မာစစ်အစိုးရဟာ ဒီမိုကရေစီ ဖော်ဆောင်ရေး အတွက် ရှေ့ကို တက်လှမ်းလာခြင်း မရှိဘူးဆိုတဲ့ အချက်တွေအပြင် အခုလိုကော်မရှင် ထူထောင်ရေးကိစ္စ အပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီက ထောက်ခံတယ် ဆိုတဲ့ အချက်တွေရယ်ကြောင့် ဖြစ်ကြောင်း အမေရိကန် အစိုးရ ထိပ်တန်းအရာရှိတဦးက ပြောဆိုပါတယ်။
အမေရိကန် အစိုးရဟာ မြန်မာနိုင်ငံ အပေါ်ချမှတ်ထားတဲ့ မူဝါဒနဲ့ ပတ်သက်လို့ လက်ရှိအခြေအနေကို အချိန်ကြာမြင့်စွာ အကဲခတ်ပြီး ဌာနတွင်း ပြန်လည်သုံးသပ်မှု တရပ် ပြုလုပ်ခဲ့ကြောင်း၊ ခုလို မြန်မာနိုင်ငံမှာ ကျူးလွန်တဲ့ ပြစ်မှုတွေအတွက် ကုလသမဂ္ဂ ကော်မရှင် ထူထောင်ဖို့ ထောက်ခံတာဟာ အမေရိကန် ပြည်ထောင်စုရဲ့ မူဝါဒနဲ့လည်း ကိုက်ညီကြောင်း၊ မိမိတို့ရဲ့ သံတမန်လမ်းကြောင်းက တိုးမြှင့် ဆက်ဆံတာဟာ မြန်မာစစ်အစိုးရကို ချီးမြှောက်နေခြင်း မဟုတ်ပဲ ရလဒ်တခု ထွက်ဖို့ ကျင့်သုံးတဲ့ နည်းလမ်းတခုအနေနဲ့ အသုံးပြုခြင်းသာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
အမေရိကန် အစိုးရဟာ ခုလို ကုလသမဂ္ဂ ကော်မရှင် ထူထောင်ရေးအတွက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ ဆုံးဖြတ်ချက်ချစေ၍ ဖြစ်စေ။ ဒါမှမဟုတ် ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက်မှာ ထည့်သွင်းစေ၍ ဖြစ်စေ တွန်းအာပေး ဆောင်ရွက်နိုင်ကြောင်း သိရပါတယ်။