ABSDF ခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ဆွေးနွေး
2012.12.20

မြန်မာနိုင်ငံကို ခေတ္တ အလည်ရောက်ရှိနေတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ဥက္ကဌ ဦးသံခဲ ဦးဆောင်တဲ့ အဖွဲ့ဟာ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA မှ တာဝန်ရှိသူတွေနဲ့ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ၉ မိုင်မှာရှိ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦး နေအိမ်မှာ တွေ့ဆုံခဲ့ပြီး လက်ရှိ မြန်မာ့နိုင်ငံရေးအခြေနေတွေကို အပြန်လှန် ဆွေးနွေးခဲ့ကြတာပါ။
တကယ်လို့ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့နဲ့ ABSDF တို့ ပူးတွဲကျင်းပဖို့ ပြောဆိုနေတဲ့ ပါတီပေါင်းစုံ ညီလာခံတခုဖြစ်လာရင် UNA အနေနဲ့လည်း အဖွဲ့ဝင် ပါတီတွေရဲ့ သဘောထားကိုရယူပြီး တက်ရောက်သင့် မသင့် ဆုံးဖြတ်သွားမယ်လို့ UNA ဥက္ကဌ ဦးခွန်ထွန်းဦးက RFA ကို ပြောပါတယ်။
ABSDF ခေါင်းဆောင်တွေနဲ့ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ ခေါင်းဆောင်တွေ မနေ့က တွေ့ဆုံဆွေးနွေးစဉ်က အင်အားစုပေါင်းစုံ ပါဝင်တဲ့ ညီလာခံတစ်ရပ်ကို လာမယ့် ၂၀၁၄ ခုနှစ် နောက်ဆုံးထား ကျင်းပနိုင်အောင် ပူးပေါင်းကြိုးစားကြဖို့ သဘောတူခဲ့ကြတာပါ။
ဒါပေမယ့် အဲဒီအချိန်ဟာ ၂၀၁၅ ရွေးကောက်ပွဲ အချိန်နဲ့ အလွန်နီးကပ်နေတဲ့ အတွက် တိုင်းရင်းသား အင်အားစုတွေ၊ ဒီမိုကရေစီအင်အားစုတွေ အတွက် အဆင်ပြေမှာ မဟုတ်ဘူးလို့ ဦးခွန်ထွန်းဦးက ပြောပါတယ်။
ဒီကနေ့ ကျင်းပတဲ့ ဆွေးနွေးပွဲကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်ဒီမိုကရေစီပါတီ၊ ရှမ်းပြည်ကိုးကန့် ဒီမိုကရက်တစ်ပါတီ အစရှိတဲ့ UNA အဖွဲ့ဝင်တိုင်းရင်းသားပါတီတွေက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။