ဖမ်းဆီးထားသူတွေကို လွှတ်ပေးပြီး နိုင်ငံတကာအသိအမှတ်ရရှိရေး စစ်ကောင်စီ ကြိုးပမ်းနေလို့ AAPP ပြော
ဖမ်းဆီးခံထားသူတချို့ကို ဇွန်လ ၃၀ ရက် ဒီကနေ့ ပြန်လွှတ်ပေးလိုက်တာဟာ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ အသိအမှတ်ပြုမှု ရရှိဖို့ စစ်ကောင်စီက ကြိုးပမ်းနေတာလို့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ AAPP က ထုတ်ပြန်လိုက်ပါတယ်။
လာမယ့် စက်တင်ဘာလထဲမှာ ကျင်းပဖို့ရှိတဲ့ ကုလသမဂ္ဂအထွေထွေ ညီလာခံမှာ စစ်ကောင်စီက နိုင်ငံတကာရဲ့ ထောက်ခံမှုရဖို့ ကြိုးစားနေတာလို့ AAPP အဖွဲ့အတွင်းရေးမှူး ဦးတိတ်နိုင်ရဲ့ ပြောဆိုချက်ကို ဒီကနေ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ဖမ်းဆီးခံရသူတချို့ ပြန်လွှတ်လိုက်ပေမယ့် တချိန်တည်းမှာပဲ စစ်ကောင်စီဟာ သူ့ကိုဆန့်ကျင်တဲ့ နောက်ထပ်သူတွေကို ဆက်လက်ဖမ်းဆီးဖို့ ပြင်ဆင်နေတယ်လို့လည်း AAPP ကပြောပါတယ်။
ကျန်ရှိနေသေးတဲ့ ဖမ်းဆီးခံထားရသူတွေဟာလည်း ထောင်အသီးသီးမှာ ညှဉ်ပန်းနှိပ်စက်မှုတွေ ခံနေရဆဲပဲလို့ ဆိုပါတယ်။
AAPP ရဲ့တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်ကလည်း ဒီနေ့ဖမ်းဆီးခံရသူတွေ ပြန်လွှတ်ပေးတာကို နိုင်ငံတကာအနေနဲ့ အပြုသဘောမမြင်သင့်ဘဲ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံထားရသူ အားလုံး ပြန်လွှတ်ပေးဖို့ ဆက်လက်ဖိအားပေးကြဖို့ ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။
ဒီနေ့ပြန်လွတ်လာတဲ့သူတွေဟာ အစကတည်းက မဖမ်းသင့်တဲ့သူတွေလို့လည်းဆိုပါတယ်။
AAPP အဖွဲ့ဟာ အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ လက်ချက်ကြောင့် သေဆုံးရတဲ့သူတွေနဲ့ ဖမ်းဆီးခံရသူတွေရဲ့ စာရင်းတွေကို မှတ်တမ်းတင်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။
AAPP ရဲ့စာရင်းတွေအရ စစ်ကောင်စီက သတ်ဖြတ်လို့ ဒီနေ့ထိ သေဆုံးသူ ၈၈၃ ဦးနဲ့ ဖမ်းဆီးခံရသူ ၆၄၂၁ ဦးရှိပါတယ်။
ဒီနေ့ တစ်နိုင်ငံလုံးက အကျဉ်းသား ၂၃၄၂ ဦးကို စစ်ကောင်စီက ပြန်လွှတ်ပေးလိုက်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီကနေ့ ပြန်လွတ်တဲ့အထဲမှာ သတင်းထောက် တချို့လည်းပါပါတယ်။