အပစ်ရပ်သုံးပတ်အတွင်း ရခိုင်မှာ အကြိမ် ၄၀၀ ကျော် တိုက်ခိုက်ခံရကြောင်း AA ပြော
စစ်ကောင်စီက ငလျင်ကြောင့် အပစ်အခတ်ရပ်စဲခဲ့တဲ့ ဧပြီလ ၂ ရက်ကနေ ၂၂ ရက်အတွင်း ရခိုင်ပြည်နယ်မှာ စစ်ရေးတိုက်ခိုက်မှု ၄၀၉ ကြိမ်အထိလုပ်ဆောင်ခဲ့တယ်လို့ အာရက္ခတပ်တော်(AA) ရဲ့ သုတေသနအဖွဲ့ဖြစ်တဲ့ HDCO က ဧပြီလ ၂၃ ရက်နေ့က ထုတ်ပြန်ပါတယ်။
-
RFA Burmese
2025-04-25 -
-
-
စစ်ကောင်စီက ငလျင်ကြောင့် ပထမအကြိမ် အပစ်အခတ်ရပ်စဲခဲ့တဲ့ ဧပြီလ ၂ ရက်ကနေ ၂၂ ရက်အတွင်း ရခိုင်ပြည်နယ်မှာ စစ်ရေးတိုက်ခိုက်မှု ၄၀၉ ကြိမ်အထိလုပ်ဆောင်ခဲ့တယ်လို့ အာရက္ခတပ်တော်(AA) ရဲ့ သုတေသနအဖွဲ့ဖြစ်တဲ့ Humanitarian and Development Coordination Office – HDCO က ဧပြီလ ၂၃ ရက်နေ့က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီက ကျောက်ဖြူ၊ တောင်ကုတ်၊ ကျောက်တော်၊ စစ်တွေနဲ့ ပေါက်တောမြို့နယ်တွေမှာ ဂျက်တိုက် လေယာဉ်၊ ဒရုန်း၊ စက်တပ်လေထီး၊ ရေတပ်သင်္ဘောနဲ့ လက်နက်ကြီး စတာတွေနဲ့ တိုက်ခိုက်ခဲ့တာ လို့လည်း ဆိုပါတယ်။
ဒီတိုက်ခိုက်မှုအတွင်း အရပ်သားတစ်ဦးသေဆုံးပြီး အသက် ၅ နှစ်ကနေ ၁၄ နှစ်အကြား ကလေးငါးဦးအပါအဝင် ၂၈ ဦး ဒဏ်ရာရခဲ့သလို အိမ် ၂၁ လုံး၊ ဆိုင်နှစ်ဆိုင်နဲ့ ဘာသာရေးအဆောက်အဦးတစ်လုံး ပျက်စီးသွားတယ်လို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။
မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဆောင်ဖို့ဆိုပြီး စစ်ကောင်စီက ဧပြီလ ၂ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ နိုင်ငံတစ်ဝန်း ယာယီအပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့သလို ဧပြီ ၂၃ ရက်ကနေ ၃၀ ရက်နေ့အထိ နောက်ထပ်တစ်ပတ်သက်တမ်းတိုးခဲ့တာပါ။
RFA က ပြုစုထားတဲ့စာရင်းတွေအရ ပထမအပစ်ရပ်ကြေညာခဲ့တဲ့ အချိန်သုံးပတ်အတွင်းမှာ နိုင်ငံတစ်ဝန်း စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သား ၁၆၁ ဦးသေဆုံးပြီး နောက်ထပ် ၂၉၉ ဦးဒဏ်ရာရခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။
အာရက္ခတပ်တော် (AA) ရဲ့ HDCO အဖွဲ့ကတော့ အပစ်ရပ်ကာလအတွင်း စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေက နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တဲ့လုပ်ဆောင်ချက်ဖြစ်တယ်လို့ ဧပြီလ ၂၃ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။