မင်းပြားမြို့နယ်မှာ တပ်မတော်နဲ့ AA အကြား တိုက်ပွဲပြင်းထန်နေ


2019.06.21
aa-soldiers-622.jpg ရက္ခိုင့်တပ်တော် AA ရဲ့ တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
ဓာတ်ပုံ - ရက္ခိုင့်တပ်တော် - သတင်းနှင့် ပြန်ကြားရေးဌာန

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ရွှေကျင်ကျေးရွာအနီးမှာ အစိုးရတပ်တွေနဲ့ ရက္ခိုင့်တပ်တော် AA တို့ ဒီနေ့မနက် ကစပြီး တိုက်ပွဲတွေပြင်းထန်နေပါတယ်။

လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အဆက်မပြတ်ပစ်ခတ်နေသလို့ လေယာဉ်တွေနဲ့ပါ ပစ်ခတ်နေတယ်လို့ အမည်မဖော်လို့တဲ့ ရွှေကျင်ရွာသားတစ်ဦးက ပြောပါတယ်။

“ကျနော်တို့ ရွှေကျင်အရှေ့ဘက်တောင်တန်းမှာ ကိုးနာရီလောက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်တယ်၊ ရဟတ်ယာဉ်နှစ်စီးနဲ့ တောင်ကုန်းတွေပေါ်မှာ မိနစ်နှစ်ဆယ်လောက်ပတ်ပြီး ပစ်တယ်၊ ရွာသားတွေက အရင်နေ့တွေက ပြေးတာလည်းရှိတယ် ဒီနေ့မှ ပြေးတာလည်းရှိတယ်”

ဒီလိုရွာအပြင်မှာ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ရွာသားတချို့လည်း ကြောက်လန့်ပြီး ထွက်ပြေးနေကြသလို့ တချို့လည်း ဘယ်မှမသွားရဲကြဘဲ နေအိမ်မှာရှိတဲ့ ဗုံးခိုကျင်းတွေထဲမှာ ပုန်းခိုနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့ ရွှေကျင်ကျေးရွာအနီးရှိ တောင်တန်းတဝိုက်မှာ ဖြစ်တဲ့တိုက်ပွဲမှာ အစိုးရတပ်မတော်ဖက်က လေယာဉ်တွေ အသုံးပြု တိုက်ခိုက်တာတွေရှိတယ်လို့လည်း AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောပါတယ်။

“ရဟတ်ယာဉ်နဲ့ တိုက်ပွဲဖြစ်ပြီးတဲ့နောက်ပိုင်း အဲဒီနားကတောင်ကုန်းတွေကို လိုက်ပြီး ရမ်းသမ်းဗုံးကြဲတာမျိုး လုပ်တာ”

အစိုးရတပ်မတော်အနေနဲ့ နယ်မြေသတင်းပေးပို့ချက်တွေအရ ရွှေကျင်ရွာအနီးနားမှာ AA ယာယီစခန်းတွေ ရှိတာကြောင့် တပ်တော်က ဒီနေ့မနက်ပိုင်းမှာ တတ်ရောက်ရှင်းလင်းတာတွေရှိတယ်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။

လေယာဉ်နဲ့ပစ်မပစ်ကိုတော့ သူအနေနဲ့ သတင်းမရသေးဘူးလု့ိ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။

“ဒီနေ့မနက် ကိုးနာရီလောက်နေ စောစောကထိပေါ့ တစ်နာရီဝန်းကျင်လောက်ထိတော့ တိုက်ပွဲကဖြစ်နေတာပေါ့၊ လက်နက်ကြီး ပစ်ကူပေးတာတော့ ဟုတ်ပါတယ်၊ ဒီဘက်ကနေ လိုအပ်တဲ့ခြေလျင်တပ်တွေ တတ်လို့ရအောင် ဆိုပြီးတော့ လက်နက်ကြီးပစ်ကူပြီးတော့ အဲကုန်းကို တတ်ရှင်းတာပေါ့ လေယာဉ်ပစ်မပစ်တော့မသိဘူး၊ လေကြောင်းကင်းထောက်တာတော့ရှိတယ် ကျနော်တို့က လိုအပ်ရင်လေကြောင်းကင်းထောက်တယ်”

ရွှေကျင်ရွာသားတွေဟာ ပြီးခဲ့တဲ့ ၁၈ ရက်နေ့ကတည်းက ရွာအနီးမှာ တပ်မတော်က အင်အား ၂၀၀ ကျော်ဟာ ရွာအပြင်မှာ နေရာယူထားတာကြောင့် ရွာအပြင်ကို မထွက်ရဲဘဲ စိုးရိမ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွှေကျင်ကျေးရွာမှာ နေထိုင်သူ ၁၉၀၀ ကျော်ရှိပြီး ၁၈ ရက်နေ့က လက်နက်ကြီး စတင်ကျရောက်ခဲ့ချိန်မှာ ကြောက်လန့်ပြီး အနီးနားကျေးရွာတွေကို လူဦးရေ ၄၀၀ ကျော် ထွက်ပြေးသွားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေတုန်းက ပလက်ဝမြို့နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲတွေမှာလည်း တပ်မတော်ဘက်က လေယာဉ်အသုံးပြု တိုက်ခိုက်တာတွေရှိတယ်လို့ ရက္ခိုင့်တပ်တော် ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောပါတယ်။

ရက္ခိုင့်တပ်တော်နဲ့ တိုက်ပွဲတွေမှာ နိုင်ငံတော်သမ္မတရုံးက တပ်မတော်ကို လေယာဉ်သုံးစွဲခွင့်ပေးထားတယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြီးခဲ့တဲ့ရက်ပိုင်းက RFA မေးမြန်းရာမှာ အခုလို ဖြေကြားထားပါတယ်။

“မှတ်ချက်သီးခြားပေးစရာမရှိပါဘူးဗျ ကျနော်တို့ နိုင်ငံတော်သမ္မတရုံး သတင်းစာရှင်းလင်းပွဲမှာလည်း ပြောပြီးသားပါ၊ ကျနော်တို့အနေနဲ့ လိုအပ်တဲ့အင်အားသုံးစွဲလို့ရပါတယ်၊ သောင်းကျန်းသူနှိမ်နင်းရေး စစ်ဆင်ရေးပြုလုပ်တာဖြစ်ပါတယ်၊ နောက်ဆုံးသတင်းစာရှင်းလင်းပွဲမှာလည်း ပြောပြီးသားပဲ ကျနော်တို့ ရဟတ်ယာဉ်သုံးစွဲခွင့်ပေးထားတယ်၊ လေယာဉ်သုံးစွဲခွင့်ပေးထားတယ် ပြောပြီးဖြစ်ပါတယ်”

ရခိုင်ပြည်နယ်အတွင်း အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ကြားဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်အရေအတွက်ဟာ ၅၀၀၀၀ နီးပါးရှိနေပြီ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။