အစိုးရ ကတိပြုလုပ်ငန်း ၈၄ ခု ပယ်ဖျက်ပေးဖို့ လွှတ်တော်မှာ မဲခွဲဆုံးဖြတ်


2015.11.20
pyidu-hluttaw-620.jpg ပြည်သူ့လွှတ်တော် အစည်းအဝေး နေပြည်တော်မှာ ကျင်းပစဉ်
Photo: RFA

အစိုးရဝန်ကြီးဌာနတွေက လွှတ်တော်ကို ကတိပေးထားတဲ့ လုပ်ငန်း ၈၄ ခုကို လက်ရှိအစိုးရလက်ထက်မှာ အပြီးသတ်ဆောင်ရွက်ပေးနိုင်ခြင်း မရှိတဲ့အတွက် ပယ်ဖျက်ပေးဖို့ဆိုပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက လွှတ်တော်ထံတင်ပြတောင်းဆိုထားတာကို ပြည်သူ့လွှတ်တော်မှာ ကိုယ်စားလှယ်အများစုက ဒီနေ့ ကန့်ကွက်ဆွေးနွေးကြပေမယ့် မဲခွဲဆုံးဖြတ်ရာမှာ ပယ်ဖျက်ဖို့ ထောက်ခံမဲများတဲ့အတွက် ပယ်ဖျက်လိုက်ပါတယ်။

အစိုးရအသစ်ပြောင်းတိုင်း ပေးထားတဲ့ ကတိတွေကို ပယ်ဖျက်ပေးဖို့ တောင်းဆိုတာဟာ မဖြစ်သင့်ကြောင်း ကွန်ဟိန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနုက အခုလိုကန့်ကွက်ဆွေးနွေးခဲ့ပါတယ်။

"ဒီမိုကရေစီခေတ်တွင် အစိုးရက အမြဲတမ်းအပြောင်းအလဲဖြစ်နေမည်မှာ ဓမ္မတာဖြစ်ပါတယ်၊ အစိုးရပြောင်းတာနဲ့ မိမိတို့၏ အာမခံချက်များ၊ ကတိများနဲ့ တာဝန်ခံချက်များကို ပယ်ဖျက်တာမဖြစ်သင့်ပါ၊ နိုင်ငံတော်အစိုးရရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းသင့်ပါတယ်၊ ကြားကာလတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုဝန်ကြီးများမရှိသော်လည်း ဝန်ကြီးဌာနတိုင်းတွင် အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ချုပ်များ ဆက်လက်တာဝန်ထမ်းဆောင်နေ၍ ကြားကာလ အတွက် ၎င်းတို့ကိုတာဝန်ခံစေပြီး နောင်အစိုးရလက်ထက်တွင် ဆက်လက်ဆောင်ရွက်သင့်ပါတယ်၊ နောက် အစိုးရပြောင်းတာနဲ့ ပေးထားတဲ့ ကတိကဝတ်များ ပယ်ဖျက်ခဲ့လျှင် နောင်အစိုးရလက်ထက်များမှာလည်း ဒီလိုပဲလုပ်လာမှာဖြစ်ပါတယ်"

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၇ ရက်နေ့ကပြုလုပ်တဲ့ လွှတ်တော်အစည်းအဝေးမှာ ပြည်ထောင်စုအစိုးရအဖွဲ့က ပြည်သူ့ လွှတ်တော် အစိုးရရဲ့ အာမခံချက်များ၊ ကတိများနဲ့ တာဝန်ခံချက်များစိစစ်ရေးကော်မတီထံ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်းမှာ ကတိပြုထားပေမယ့် ဆောင်ရွက်ပေးနိုင်ခြင်းမရှိတဲ့ လုပ်ငန်း ၈၄ ခု ရှိကြောင်းနဲ့ အဲဒါတွေကို ပယ်ဖျက်ပေးဖို့ အစီရင်ခံစာတင်သွင်းခဲ့တာဖြစ်ပါတယ်။

အဲဒါနဲ့ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် ၅ ဦးက ဒီကနေ့ ဆွေးနွေးခဲ့ပြီး မဲခွဲဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနဲ့ဆောက်လုပ်ရေးဝန်ကြီးဌာန စတဲ့ ဝန်ကြီးဌာနတွေနဲ့ သက်ဆိုင်တဲ့ ဆေးရုံ၊ ကျောင်း လမ်းတံတား၊ လယ်ယာမြေ စတဲ့လုပ်ငန်းတွေ လုပ်ပေးမယ်ဆိုပြီး အဲဒီဝန်ကြီးဌာနတွေက ကတိပေးထားတာဖြစ်ပြီး အဲဒါတွေကို ပယ်ဖျက်ပေးဖို့ တောင်းဆိုတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။