သြင်္ကန်မဏ္ဍပ်ဗုံးကွဲမှု ဓာတ်ပုံရိုက်သူ ကိုစည်သူဇေယျကို ထောင် ၈ နှစ် ပြစ်ဒဏ်ချ
2010.12.21

ဒီကိစ္စနဲ့ပတ်သက်ပြီး ဦးလေးဖြစ်သူ ဦးဒေဝက RFA ကို အတည်ပြု ပြောဆိုပါတယ်။
အခုလို အမိန့်တွေ ချမှတ်လိုက်ပေမဲ့ ကိုစည်သူဇေယျကို အီလက်ထရွန်းနစ် ပုဒ်မနဲ့လည်း စွဲချက် တင်ထားတဲ့အတွက် နောက်ထပ် တရားရုံးမှာ ထွက်ပြီး၊ စစ်ဆေးခံရဦးမှာ ဖြစ်သလို ထောင်ဒဏ်ကျခံ ရဦးမှာ ဖြစ်ပါတယ်။ သူတို့အမှုကို ရှေ့နေဦးအေးသိန်းက လိုက်ပါ ဆောင်ရွက်နေတာပါ။
လက်ရှိကာလမှာ ဦးဇေယျနဲ့ သားဖြစ်သူ ကိုစည်သူဇေယျတို့ကို အင်းစိန်ထောင် ၂ ဆောင်နဲ့ ၃ ဆောင်မှာ အဆောင် တခုစီ ခွဲပြီး ထည့်ထားတဲ့အတွက် သားအဖချင်း တွေ့ခွင့်မရဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။
ဒါ့အပြင် ကိုစည်သူဇေယျက မျက်စိဝေဒနာ ခံစားနေရပြီး ဆေးကုသမှု ရဖို့ ထောင်အာဏာပိုင်တွေကို တင်ပြထားတယ်လို့ မိခင်ဖြစ်သူ ဒေါ်ရီရီတင့်က ပြောပါတယ်။
“ကျန်းမာရေး အနေနဲ့ကတော့ မောင်စည်သူက ခုတလောလေးမှာ မျက်စိ သူမမြင်ရလို့တော့ အထက်အရာရှိတွေကိုတော့ ပြောထားတော့ သူတို့ မျက်မှန် စစ်ပေးဖို့ မနက်ဖြန် စစ်ပေးမယ်လို့တော့ ပြောပါတယ်။”
ကိုစည်သူဇေယျရဲ့ ဖခင် ဦးဇေယျကိုတော့ ရုံးတင်စစ်ဆေးနေဆဲ ဖြစ်ပြီး နောက်လထဲမှာ အမိန့်ချဖို့ ရှိတယ်လို့ မိသားစုနဲ့ ရှေ့နေက ခန့်မှန်းထားပါတယ်။ ဦးဇေယျဟာ ကွယ်လွန်သူ ဘာသာပြန် စာရေး ဆရာ လင်းယုန်မောင်မောင်ရဲ့ သားဖြစ်ပြီး၊ ကိုစည်သူဇေယျက မြေးတော်စပ်သူ ဖြစ်ပါတယ်။