လယ်သမားတွေ လွှတ်ပေးပြီး၊ သိမ်းဆည်းလယ်တွေ ပြန်ပေးဖို့ ၈၈ အဖွဲ့ တောင်းဆို


2014.07.24
farmers-plant-305 လယ်ကွင်းတစ်ခုအတွင် လယ်သူမများ စပါးပျိုးပင်များ စိုက်ပျိုးနေပုံ ဖြစ်ပါသည်။ (Photo: AFP)
AFP

အစိုးရက တစ်နိုင်ငံလုံးအနှံ့ သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေကို လယ်သမားတွေထံ ပြန်ပေးဖို့နဲ့ ပုဒ်မအမျိုးမျိုးနဲ့ ဖမ်းဆီးထားတဲ့ လယ်သမားတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖဲ့ွအစည်းက ဒီနေ့ ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

အစိုးရက ဖြေရှင်းပေးဖို့ တာဝန်ရှိတဲ့အတွက် ကြေညာ ချက် ထုတ်ပြန်တောင်းဆိုတာဖြစ်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက လယ်ယာ စီးပွားနဲ့ တောင်သူလယ်သမားရေးရာဌာန ဒုတိယတာဝန်ခံ ကိုမျိုးသန့်က ပြောပါတယ်။

"လယ်သိမ်းခံရတဲ့ကိစ္စတွေနဲ့ တောင်သူလယ် သမားတွေကို ထောင်ချနေတဲ့ကိစ္စတွေကို ပြေ လည်အောင်ဆောင်ရွက်ပေးရမှာက အစိုးရပဲဗျ၊ အစိုးရကဒါတွေကို အမြန်ဆုံးဖြေရှင်းပေးနိုင်တယ်၊ အဲဒါကို မဖြေရှင်းဘဲနဲ့ ဖမ်းဆီးထောင်ချခြင်းဟာ နိုင်ငံရေးအလှည့်အပြောင်းတစ်ခုကို ဖန်တီးနေတာလားဆိုတာ ကျနော်တို့က သုံးသပ်ရတယ်၊ လောလောဆယ် နိုင်ငံရေးအခြေအနေအရကတော့ အစိုးရကို ဒီ့ထက် ပိုပြီး ပြင်းပြင်းထန်ထန်ပြောလာဖို့ရှိပါတယ်၊ တတ်နိုင်သမျှ အပြေလည်ဆုံး ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးမှုကို  ကျနော်တို့မေတ္တာရပ်ခံတဲ့နည်းနဲ့ သွားပါဦးမယ်"

အစိုးရနဲ့ တပ်မတော်က သိမ်းဆည်းထားတဲ့ လယ်ယာမြေဧက ၄ သိန်း ၇ သောင်းကျော်မှာ ဧက ၃သိန်း ၅သောင်းကျော်ကို စွန့်လွှတ်မှာမဟုတ်ကြောင်း ပြည်ထောင်စုလွှတ်တော်ကို ပေးပို့တဲ့ နိုင်ငံတော်သမ္မတရဲ့ သဝဏ်လွှာဟာ တရားမျှတမှုမရှိကြောင်းလည်း ကြေညာချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် အစိုးရအနေနဲ့ ဘယ်နေရာတွေမှာ ဘာအတွက်၊ ဘယ်လောက် အသုံးပြုမယ်ဆိုတာ အများပြည်သူ သိရှိအောင် ချပြဖို့လိုအပ်ကြောင်းနဲ့ ဒီနှစ်အတွင်း ကန့်ဘလူ၊ သဲကုန်း၊ မော်လမြိုင်ကျွန်း၊ ထားဝယ် စတဲ့ မြို့နယ်တွေက လယ်သမားတွေကို ဖမ်းဆီးထောင်ချနေတာကို ကန့်ကွက်ကြောင်းလည်း ပါရှိပါတယ်။

လက်ရှိမှာ လယ်ယာမြေ အငြင်းပွားမှု ပြဿနာတွေကြောင့် ဖမ်းဆီးခံထားရတဲ့ လယ်သမား ၂၀၀ ကျော်လောက် ရှိတယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။