၈၈ မျိုးဆက် မြန်မာနိုင်ငံအထက်ပိုင်းနဲ့ ရှမ်းပြည်နယ် ခရီးစဉ်စတင်

ကိုမင်းကိုနိုင် ဦးဆောင်တဲ့ (၈၈) မျိုးဆက် ကျောင်းသားများအဖွဲ့ဟာ မြန်မာနိုင်ငံ အထက်ပိုင်းနဲ့ ရှမ်းပြည်နယ် ခရီးစဉ်ကို ဒီကနေ့ စတင်လိုက်ကြပါတယ်။ ဒီခရီးစဉ်ဟာ သီတင်း (၂) ပတ် ကြာမြင့်မှာ ဖြစ်ပြီး ပွင့်လင်း လူ့အဖွဲ့အစည်းနဲ့ ခေါင်းဆောင်မှုဆိုင်ရာ သင်တန်းပို့ချရေး ခရီးစဉ်အဖြစ် သွားရောက်တာ ဖြစ်တယ်လို့ သိရပါတယ်။

မန္တလေးမြို့ ဒက္ခိဏာရာမ ဘုရားကြီးကျောင်းတိုက်တွင် သြဂုတ်လ ၈ ရက်နေ့ ကျင်းပမည့် ၈၈၈၈ အရေးတော်ပုံ ငွေရတုအကြို ဝါဆိုသင်္ဃန်း ကပ်လှူပူဇော်ပွဲ အခမ်းအနားသို့ တက်ရောက်မည့် ၈၈ မျိုးဆက် ကျောင်းသားများနှင့် ကျောင်းသားလူငယ်အဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်များကို တွေ့ရစဉ်။ 88 Generation Students

(၈၈) မျိုးဆက် ကျောင်းသားတွေနဲ့အတူ ဗကသ ကျောင်းသား ခေါင်းဆောင်တွေနဲ့ တခြား အဖွဲ့အစည်း အသီးသီးက စုစုပေါင်း လူ (၆၀) လောက် လိုက်ပါသွားတယ်လို့ (၈၈) မျိုးဆက် ကျောင်းသား ခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုပြုံးချိုက RFA ကို ပြောပါတယ်။

"၈၈ မျိုးဆက်ကျောင်းသားတွေရယ်၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်ပါမယ်။ နောက်ပြီးတော့ ကျောင်းသားသမဂ္ဂဖြစ်မြောက်ရေး ကော်မတီပါမယ်။ Generation Wave ပါမယ်။ မြန်မာနိုင်ငံလူငယ်များ အစည်းအရုံးပါမယ်။ အားလုံး ပေါင်းလိုက်မယ်ဆိုလို့ရှိရင် ရန်ကုန်ကနေတက်သွားလိုက်တာ ဆိုလို့ရှိရင် အယောက် ၆၀ နီးပါးလောက်ရှိတယ်။ မုံရွာဘက်ကို တစ်ကြောင်းနဲ့ နောင်ခမ်းဘက်ကို တစ်ကြောင်း။ ပထမ မုံရွာဘက် ခရီးစဉ်က ၁၅ ရက်နေ့အထိ ဖြစ်တယ်။ ရှမ်းပြည် နောင်ခမ်းခရီးစဉ်က ၁၉ ရက်နေ့ အထိဖြစ်တယ်။ ရှမ်းပြည် နောင်ခမ်းမြို့မှာ ၈၈ မျိုးဆက် ကျောင်းသားတွေက Leadership training ကိုသွားဖို့ ၁၀ ယောက် အဲဒီဘက်ကို ခရီးဆက်မယ်။ အဲဒါကတော့ ၉ ရက်နေ့ကနေပြီးတော့ ၁၀ ရက်ကြာ Training ဖြစ်တယ်။ ကိုကိုကြီး ကနေပြီးတော့ ဦးဆောင်ပြီးတော့ ၁၀ ယောက်သွားမယ်"

(၈၈) မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေဟာ မန္တလေးမြို့မှာ ကျင်းပမယ့် ရှစ်လေးလုံး နှစ်ပတ်လည်နေ့ အခမ်းအနားကို တက်ရောက်ကြမယ်လို့ သိရပါတယ်။

ပွင့်လင်း လူ့အဖွဲ့အစည်း ခရီးစဉ်အဖြစ် သွားရောက်မယ့် မြို့တွေကတော့ မြစ်သား၊ မုံရွာ၊ ရေစကြို၊ ပခုက္ကူ၊ မြိုင်၊ ညောင်ဦး၊ ပုဂံနဲ့ ကျောက်ပန်းတောင်းမြို့တွေကို သွားရောက်မှာ ဖြစ်ပြီး ခေါင်းဆောင်မှု သင်တန်း ပို့ချရေး ခရီးစဉ်အဖြစ် ရှမ်းပြည်နယ် နောင်ခမ်းမြို့ကို သွားရောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org