မဏ္ဍိုင်ဥပဒေအဖွဲ့က ၈၈မျိုးဆက်နဲ့ ပူးပေါင်းပြီး ဥပဒေရေးရာကိစ္စတွေ ကူညီမည်
2013.02.06
အဲဒီလို ကူညီနိုင်ဖို့အတွက် မဏ္ဍိုင်ဥပဒေအဖွဲ့က ရှေ့နေ ၂၅ ဦးဟာ ၈၈ မျိုးဆက်ကျောင်းသားများ ရုံးခန်းမှာ အလှည့်ကျ ရုံးထိုင်သွားမယ်လို့ သိရပါတယ်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီး ဦးဆောင်တဲ့အဖွဲ့နဲ့ မဏ္ဍိုင်ဥပဒေ အကယ်ဒမီရဲ့ ရှေ့နေတွေဟာ ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်မှာရှိတဲ့ ၈၈မျိုးဆက်ကျောင်းသားများ ရုံးခန်းအသစ်မှာ ဒီကနေ့ မနက်ပိုင်းက တွေ့ဆုံဆွေးနွေးပြီး သဘောတူခဲ့ကြတာပါ။
ဒီစေတနာ့ဝန်ထမ်း ဥပဒေအကျိုးဆောင်ရှေ့နေတွေဟာ တနင်္လာနေ့၊ ဗုဒ္ဓဟူးနေ့နဲ့ သောကြာနေ့တွေမှာ အလှည့်ကျရုံးထိုင်မှာဖြစ်ပြီး၊ တိုင်ကြားမှု အများဆုံးကိစ္စတွေဖြစ်တဲ့ လယ်ယာသိမ်းယူခံထားရတဲ့ ပြဿနာ၊ ပြည်သူလူထုတွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ အခြေအနေတွေကအစ နစ်နာမှုတွေကို အကူအညီပေးသွားမှာ ဖြစ်ပါတယ်။