ဇူလိုင် ရ ရက် ဆွမ်းကျွေးပွဲ တားမြစ်ခံရ

ဆဲဗင်း ဇူလိုင် အောက်မေ့ဘွယ် ဆွမ်းကျွေးပွဲ ပြုလုပ်မယ့် မုံရွာမြို့က ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်ဝင်တွေနဲ့ ကျောင်းသားတွေကို သက်ဆိုင်ရာ ကျောင်းအုပ် ဆရာတွေက တားမြစ်လိုက်ပြီး ကျောင်းတွေမှာ ထောက်လှမ်းရေးတွေ စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

2012.06.30

ဒါနဲ့ ပတ်သက်လို့ မုံရွာ ကျောင်းသားသမဂ္ဂ ဖြစ်မြောက်ရေး တာဝန်ယူထားတဲ့ ဗကသများ အဖွဲ့ချုပ် အထက်ဗမာပြည် ဌာနခွဲ ဒု ဥက္ကဋ္ဌ ကိုနွေဦးကို က RFA ကိုအခုလို ပြောပါတယ်။

"ကျွန်တော်တို့ ကျောင်းတွေမှာလည်း သူတို့ SB တွေ ၅၀ လောက်အထိ ချထားတယ်လို့ ကြားရတယ်ခင်ဗျ။ ECO ကျောင်းရယ်၊ Main ကျောင်းရယ် နောက်ပြီးတော့ ECO ကျောင်းကိုလည်း ၄ ယောက်ထက်ပိုပြီးတော့ စုရုံးပြီး မသွားရဘူးဆိုပြီးတော့ ကျောင်းအုပ်ကြီးက အမိန့်ထုတ်ထားတယ်။ ကျွန်တော်တို့က ဒီမှ ဆဲဗင်း ဇူလိုင်အတွက် အကြိုပွဲလေးလုပ်မှာ ခင်ဗျ။ နယ်က ကျောင်းတွေရော အကုန်လုံး ပိတ်ထားတယ်ခင်ဗျ။ ကျွန်တော်တို့က ဘယ်လို အခက်အခဲပဲရှိရှိ ဆဲဗင်းဇူလိုင်ကို ဆွမ်းကျွေး အနေနဲ့ လုပ်မယ်"

ဒီဆွမ်းကြွေးပွဲ လက်မခံဖို့ကိုလည်း အာဏာပိုင်တွေက ဘုန်းကြီးကျောင်းတွေကို စာပို့ထားတယ်လို့ ပြောပါတယ်။ ဒါ့အပြင် ဆဲဗင်း ဇူလိုင် ဆွမ်းကြွေးပွဲအတွက် အရင်ရက်က မုံရွာမြို့ ရာပြည့်ခန်းမမှာ ကျင်းပဖို့ ငှားရမ်း ပြင်ဆင်ထားပေမယ့် အာဏာပိုင်တွေက ခန်းမပိုင်ရှင်ကို တားမြစ်တဲ့အတွက် အစီအစဉ် ဖျက်လိုက်ရတယ်လို့ ဆိုပါတယ်။

တဘက်မှာလည်း မုံရွာ နည်းပညာကောလိပ် ကျောင်းအုပ်ကြီးက သူတို့ စိတ်တိုင်းကျ ကျောင်းသားတချို့နဲ့ ကျောင်းသားရေးရာအဖွဲ့ ဖွဲ့နေတယ်လို့ ကိုနွေဦးကို ကပြောပါတယ်။

"မုံရွာ GTC ကျောင်းကိုလည်း ကျောင်းအုပ်ကြီးက တစ်ခန်းချင်းစီမှာ ကျောင်းသား ၅ ယောက်ဆိုပြီးတော့ ထုတ်ပြီးတော့ သူကအဖွဲ့အစည်း တစ်ခု သဘောမျိုး သူတို့က ဖွဲ့နေကြတယ်ခင်ဗျ။ သူတို့က ကျောင်းသားရေးရာတွေ၊ ကျောင်းသားထဲမှာ ရှိတဲ့ ပြဿနာတွေ၊ ဒီတစ်ခန်းထဲမှာရှိတဲ့ ပြဿနာတွေကို ဒီကျောင်းသား ၅ ယောက်ကပဲ ကျောင်းအုပ်ကြီးနဲ့ တိုင်ပင်ပြီး ဖြေရှင်းမယ် ဆိုတဲ့ သဘောနဲ့ အဲဒီလိုမျိုး လုပ်ထားတာတွေ့ရတယ်ဗျ"

ပြီးခဲ့တဲ့ ရက်ကလည်း ဆဲဗင်း ဇူလိုင် အခမ်းအနား ပြုလုပ်မယ့် မန္တလေးမြို့က ဗကသများအဖွဲ့ချုပ် အမှုဆောင်တွေကို အာဏာပိုင်တွေက ခေါ်ယူ တားမြစ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။