ပုဂံ-ညောင်ဦးမြို့နယ်မှာ PDF ကို ကူညီတယ်ဆိုပြီး မိသားစုဝင်လေးဦး ဖမ်းဆီးခံရ
မန္တလေးတိုင်း ပုဂံ-ညောင်ဦးမြို့နယ် ချောင်းရှည်ရွာက မိသားစုဝင် လေးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ပတ်သက်တဲ့ လူငယ်တွေကို ကူညီပေးခဲ့တယ်ဆိုပြီး စစ်တပ်နဲ့ရဲ အင်အား ၂၀၀ လောက်နဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၆ ရက်နေ့က နေအိမ်ကို လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ပြောပါတယ်။
- 2021-11-08
-

စစ်ကား ၂၃ စီးနဲ့ လာရောက် ဖမ်းဆီးသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပုဂံ-ညောင်ဦး ဒေသခံတစ်ဦးကပြောပါတယ်။
“အခုဖမ်းခံလိုက်ရတဲ့ မိသားစုက ရွာရဲ့တောင်ခြေနားမှာ စိုက်ပျိုးရေးလုပ်ကြတာ။ အဲဒီမှာ ဒုက္ခရောက် လာတဲ့ လူငယ်လေးတွေကို ရက် ၂၀ လောက် လက်ခံထားလိုက်တာ။ သူတို့ပြန်သွားပြီးတော့ အဲဒီထဲက ဖမ်းခံလိုက်ရတဲ့ သူအချို့က ဒီနေရာကို ပြောလိုက်တော့ စစ်သားတွေက အိမ်ရှင်တွေကိုပါ လာဖမ်း သွားတာ။ ရှောင်ချိန်မရလိုက်ဘူး။ အခုကတော့ ဖမ်းခံရတဲ့သူတွေရဲ့ စားရင်းကို ICRC ကိုလည်း ပေးပို့ ထားပါတယ်”
ဖမ်းဆီးခံရသူတွေဟာ ဦးအေးကို၊ ကိုဇော်ဇော်မင်း၊ ကိုအောင်မျိုးဇော်နဲ့ ဒေါ်ဌေးဌေးဝင်းတို့ ဖြစ်ပြီး အခု လက်ရှိမှာ ညောင်ဦးမြို့က အမှတ်- ၄၁၅ တပ်ရင်းမှာ ဖမ်းဆီးထားတယ်လို့ သူကပြောပါတယ်။ ဒါပေမဲ့ မိသားစုဝင်တွေနဲ့ အဆက်အသွယ် မရသေးဘူးလို့လည်း သူကဆိုပါတယ်။
ဒေသခံတွေကတော့ အခု ဖမ်းဆီးခံရသူတွေဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပတ်သက်သူတွေ မဟုတ်ဘူးလို့ ပြောဆိုကြပါတယ်။ စစ်ကောင်စီဘက်ကတော့ ဒီဖမ်းဆီးမှုနဲ့ ပတ်သက်လို့ ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ နိုဝင်ဘာလ ၆ ရက်နေ့အထိ ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၇,၀၇၉ ယောက်ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP က ထုတ်ပြန်ထားပါတယ်။