တိုင်းပြည်ယိုယွင်းနေတာကို ၂၄ ပါတီ စာပေးပို့ပေမယ့် အကြောင်းမပြန်
2019.06.06

တိုင်းပြည်ရဲ့ လက်ရှိအခြေအနေ အဖက်ဖက်က ယိုယွင်းကျဆင်းနေတယ်ဆိုပြီး ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ မိတ်ဖက်နိုင်ငံရေးပါတီ ၂၃ ခုက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ထံ မေလ ၃၀ ရက်နေ့ က စာတစ်စောင် ပေးပို့ထားပေမယ့် အကြောင်းပြန်ကြားတာမရှိဘူးလို့ သိရပါတယ်။
မနေ့က ကျင်းပတဲ့ USDP နဲ့ မိတ်ဖက်ပါတီတွေရဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောကြားခဲ့တာပါ။
ဆရာတော် ဦးဝီရသူကို ဖမ်းဝရမ်းထုတ်ထားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အမျိုးသားရေးလှုပ်ရှားသူတွေက ဆန္ဒပြနေတာတွေနဲ့ ပတ်သက်လို့ သတင်းထောက်တွေက မေးမြန်းခဲ့ရာမှာတော့ USDP ပြောခွင့်ရ ဒေါက်တာ နန္ဒာလှမြင့်က သူတို့ပါတီဝင် အင်အားဟာ သန်းပေါင်းများစွာရှိကြောင်းနဲ့ ပါတီရဲ့ စည်းမျဉ်း စည်းကမ်းကို မချိုးဖောက်ရင် မည်သူမဆို လွတ်လပ်စွာ လှုပ်ရှားပါဝင်ဆောင်ရွက်နိုင်ကြောင်း ပြောပါတယ်။ ဦးဝီရသူကို ဖမ်းဝရမ်း ထုတ်ထားတာနဲ့ ပတ်သက်ပြီး သူတို့ပါတီရဲ့ သဘောထားကို မေးမြန်းရာမှာတော့ ဖြေကြားခဲ့ခြင်း မရှိပါဘူး။
အခုလို ပါတီ ၂၄ ခု စုပေါင်းပြီး အကြံဉာဏ်ပေးဖို့ သမ္မတနဲ့ တွေ့ဆုံခွင့်တောင်းတာဟာ တပ်မတော်က တိုင်းပြည်အာဏာကို နောက်တစ်ကြိမ် ပြန်သိမ်းဖို့ နှပ်ကြောင်းပေးတဲ့ သဘောဖြစ်နေမလားဆိုပြီး သတင်းထောက်တွေက မေးမြန်းခဲ့ရာမှာ ပါတီနဲ့ တပ်မတော် သီးခြားဖြစ်တဲ့အတွက် ရောထွေးစရာ အကြောင်းမရှိဘူးလို့ သူက ပြောပါတယ်။