၂၁ ရာစု ပင်လုံညီလာခံ ကို ထောက်ခံကြိုဆို


2016.08.27
21panglong-myitkyina-620.jpg ၂၁ ရာစု ပင်လုံညီလာခံ ထောက်ခံကြိုဆိုတဲ့ အခမ်းအနားကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ သြဂုတ်လ ၁၈ ရက်နေ့က ကျင်းပစဉ်
Photo: Kyaw Myo Min/RFA

လာမယ့်သြဂုတ်လ ၃၁ ရက်နေ့မှာ ကျင်းပမယ့် ၂၁ ရာစု ပင်လုံညီလာခံကို ကြိုဆိုထောက်ခံကြောင်းနဲ့ ညီလာခံအောင်မြင်ဖို့ ဆုတောင်းပွဲတွေကို စစ်ကိုင်းတိုင်း မုံရွာမြို့၊ မွန်ပြည်နယ် ကျိုက်မရောမြို့နဲ့ ကချင်ပြည်နယ် မိုးညှင်းမြို့တွေမှာ ဒီနေ့ကျင်းပကြပါတယ်။

ညီလာခံကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တာကြောင့် အောင်မြင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ကျိုက်မရောမြို့နယ် ၈၈ ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့စည်းက ဦးခင်မောင်သိမ်းက ပြောပါတယ်။

"အရင်က ငြိမ်းချမ်းရေးမရခဲ့တာ နိုင်ငံတော်မှာ တကယ်ဦးဆောင်နိုင်တဲ့ ထိုက်တန်တဲ့ခေါင်းဆောင် မရှိလို့၊ အခုက နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးထင်ကျော်တို့ ဦးဆောင်မှာ၊ ငြိမ်းချမ်းရေးညီလာခံမှာ အစိုးရမပါဘဲနဲ့ မအောင်မြင်နိုင်ပါဘူး၊ ဗိုလ်ချုပ်အောင်ဆန်း လက်ထက်တုန်း ကလည်း ညီလာခံကို သူက ဝန်ကြီးချုပ်အနေနဲ့ ဦးဆောင်ခဲ့တာ၊ အခုလည်း အစိုးရက ဦးဆောင်ပါဝင်လာတဲ့ အတွက် အောင်မြင်လိမ့်မယ်လို့ လုံးဝယုံကြည်တယ်" လို့ ပြောတာဖြစ်ပါတယ်။

ကျိုက်မရောမြို့က ထောက်ခံပွဲနဲ့ ဆုတောင်းပွဲမှာ နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်အဖွဲ့တွေနဲ့ ဒေသခံတွေ အင်အား ၁ဝဝ ကျော်က ကျိုက်မရောမြို့ပေါ်မှာ လမ်းလျှေက်ချီတက်ပြီး ဆုတောင်းပြည့်ဘုရားမှာ ကိုးကွယ်ရာဘာသာ အလိုက် ဆုတောင်းခဲ့ကြပါတယ်။

အဲ့ဒီပွဲမှာ ၂၁ ပင်လုံညီလာခံကို ပြည်သူတွေဝန်းရံပေးဖို့၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အမြန်ဆုံးဆောင် ရွက်ပေးဖို့နဲ့ အပစ်အခတ်တွေ အမြန်ရပ်စဲပေးဖို့ အချက်တွေကို တောင်းဆိုခဲ့ပါတယ်။

အလားတူ စစ်ကိုင်းတိုင်း မုံရွာမြို့မှာလည်း နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်အဖွဲ့တွေ၊ တိုင်းရင်းသားတွေ နဲ့ ကျောင်းသားတွေအပါအဝင် လူအင်အား ၇ဝဝ ကျော်က ၂၁ ရာစု ပင်လုံညီလာခံကို ကြိုဆိုထောက်ခံတဲ့အနေနဲ့ လမ်းလျှောက်ချီတက်ပြီး ပင်လုံညီလာခံအောင်မြင်ဖို့ ဆုတောင်းခဲ့ကြပါတယ်။

ကချင်ပြည်နယ် မိုးညှင်းမြို့က ရွှေသာလျောင်းဘုရားဇာတ်ရုံမှာ ၂၁ ရာစု ပင်လုံညီလာခံ ထောက်ခံကြိုဆိုပွဲ အခမ်းအနားကို လူအင်အား ၃ ထောင်လောက် တက်ရောက်ခဲ့ပါတယ်။

အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေ၊ ပြင်ပပညာရှင်တွေ၊ နိုင်ငံ တကာလေ့လာသူတွေ ပါဝင်မယ့် ၂၁ ရာစု ပင်လုံညီလာခံကို လာမယ့် သြဂုတ် ၃၁ ရက်ကနေ ၄ ရက်နေ့ အထိ နေပြည်တော်မှာ ကျင်းပမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။