၂၁ ပင်လုံကျင်းပဖို့ နှောင့်နှေးနေတာ တပ်မတော်ကြောင့် မဟုတ်ဘူးလို့ပြော
2018.05.29

တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကျင်းပဖို့ နှောင့်နှေးနေတာဟာ တပ်မတော်ကြောင့် မဟုတ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဗိုလ်မှူးချုပ် အောင်ကျော်ဟိုး က ဒီနေ့ ပြောပါတယ်။
ဒီကနေ့ နေပြည်တော်က ပြန်ကြားရေးဝန်ကြီးဌာနမှာကျင်းပတဲ့ နိုင်ငံတော်အစိုးရရဲ့ ဒုတိယတစ်နှစ်တာ ကာလ ဆောင်ရွက်ချက် သတင်းစာရှင်းလင်းပွဲမှာ ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတွေကို ကချင်ပြည်နယ်က တိုက်ပွဲတွေ ရပ်တန့်ရေး၊ ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပနိုင်ရေးတို့ကို မေးမြန်းရာမှာ အမြဲတမ်းအတွင်းဝန် က ဖြေကြားခဲ့တာဖြစ်ပါတယ်။
တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကို ဒီနှစ် ဇန်နဝါရီလမှာ ကျင်းပမယ်လို့ သတ်မှတ်ခဲ့ပေမယ့် မကျင်းပဖြစ်ခဲ့ဘဲ ရွှေ့ဆိုင်းခဲ့တာ အခုချိန်ထိ ဖြစ်ပါတယ်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် လက်ထက်မှာ ကေအိုင်အေကို ထိုးစစ်ဆင်တာမပြုလုပ်ဖို့ အဲဒီအချိန်က တပ်မတော် ကို အမိန့်ပေးခဲ့ပါတယ်။ လက်ရှိအစိုးရ သမ္မတက ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက် ပြီး ကေအိုင်အေကို ထိုးစစ်ဆင်တာတွေ မလုပ်ဖို့ အမိန့်ပေးရင် ဘယ်လိုဆောင်ရွက်မလဲဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး နိုင်ငံတော် သမ္မတက တရားဥပဒေနဲ့အညီ အမိန့်ပေးလာခဲ့ရင် တပ်မတော်က လိုက်နာဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဗိုလ်မှူးချုပ် အောင်ကျော်ဟိုး က ဖြေကြားခဲ့ပါတယ်။
လတ်တလောမှာ မြန်မာ့တပ်မတော်နဲ့ ကေအိုင်အေဟာ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ဘေးဒုက္ခသည်တွေ အများအပြားရှိနေပါတယ်။
ဒါ့အပြင် လက်ရှိ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ အုပ်ချုပ်မှုတပ်တွေ၊ တပ်ရင်း ဌာနချုပ်တွေကို တိုက်ခိုက်လို့ တုံ့ပြန်တာဖြစ်ကြောင်း ကေအိုင်အေဟာ သူ့ရဲ့ ထိန်းချုပ်နယ်မြေမှာပဲနေမယ်ဆိုရင် အခုလိုတိုက်ပွဲတွေ မဖြစ်ပွားဘူးလို့လည်း ဗိုလ်မှူးချုပ် အောင်ကျော်ဟိုး က ပြောပါတယ်။