တိုင်းရင်းသား ၃ ဖွဲ့ ပင်လုံတက်ဖို့ မဖြစ်နိုင်တော့
2016.08.27

ကိုးကန့်၊ ရခိုင်နဲ့ ပလောင် တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့ အနေနဲ့ လက်နက်ကိုင် နည်းလမ်းကို စွန့်လွှတ်မယ် ဆိုပြီး ထုတ်ပြန်ကြေညာရင် အစိုးရဘက်က ၂၁ ပင်လုံညီလာခံ တက်ရောက်ဖို့ ဖိတ်ကြားသွားမယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။
လက်နက်ကိုင်နည်းလမ်းကို စွန့်လွှတ်ပါမယ်ဆိုတဲ့ ဝေါဟာရပါတဲ့ ထုတ်ပြန်ကြေညာချက်ကို ထုတ်ပြန်သွားဖို့ အစီစဉ်မရှိဘူးလို့ ရက္ခိုင့်တပ်မတော် AA က ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောပါတယ်။
"သူတို့တောင်းဆိုတဲ့ စာသားအတိုင်းကတော့ ကျနော်တို့ဘက်က မထုတ်ပြန်နိုင်ဘူးခင်ဗျ၊ အခု အခြေအနေကတော့ အချိန်ကလည်း သိပ်နီးကပ်နေပြီဆိုတော့ ဒီညီလာခံကို တက်ဖြစ်ဖို့က သိပ် အလားအလာမရှိဘူးပေါ့"
အသုံးအနှုန်းအရ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေဘက်က လက်နက်ကိုင် ပဋိပက္ခကို စွန့်လွှတ်ပါမယ်ဆိုတဲ့ အသုံးအနှုန်းကိုသာ သုံးလိုပြီး အစိုးရဘက်က လက်နက်ကိုင်နည်းလမ်းကို စွန့်ပါမယ်လို့ ပြောဆိုတာကြောင့် ညှိနှိုင်းမှု အဆင်မပြေဘဲ ဖြစ်နေကြောင်း ခိုင်သုခက ပြောပါတယ်။
လာမယ့်သြဂုတ်လ ၃၁ ရက်နေ့ကျင်းပမယ့် ၂၁ ရာစု ပင်လုံညီလာခံကို တက်ရောက်ဖို့ အစိုးရဘက်က အပစ်ရပ် လက်မှတ်ထိုးပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၈ ဖွဲ့၊ အပစ်ရပ်လက်မှတ်မထိုးရသေးတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီအဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ ၇ ဖွဲ့၊ ဝနဲ့ မိုင်းလား တပ်ဖွဲ့တွေအပြင် လေ့လာသူအဖြစ် နာဂတပ်ဖွဲ့ စုစုပေါင်း လက်နက်ကိုင်တပ်ဖွဲ့ ၁၈ ဖွဲ့ကို ဖိတ်ကြားထားပြီးဖြစ် ပါတယ်။