ရွှေ့ပြောင်းအလုပ်သမားနေ့အခမ်းအနား ပထမဆုံးအကြိမ်ကျင်းပ

မြန်မာနိုင်ငံမှာ ပထမဦးဆုံးကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ရွေ့ပြောင်း သွားလာသူများနေ့ အထိမ်းအမှတ် အခမ်းအနားနဲ့ မြန်မာနိုင်ငံရွေ့ပြောင်း အလုပ်သမားများ အလုပ်အကိုင်အခွင့်အလမ်း ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဒီကနေ့ နံနက်ပိုင်းက နေပြည်တော်၊ MICC ခန်းမမှာ ကျင်းပပြုလုပ်ပါတယ်။

2012.12.18
migrant-worker-thai-border-b305 ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားတချို့ကို မဲဆောက်-မြဝတီနယ်စပ်တွင် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလအတွင်း တွေ့ရစဉ်။
Photo Courtesy of Sein Kyaw Hlaing

မြန်မာနိုင်ငံက ရွေ့ပြောင်းအလုပ်သမားတွေဟာ ထိုင်း ၊မလေးရှား ၊ စင်္ကာပူ ၊ ကိုးရီးယား ၊ ဂျပန် စတဲ့ နိုင်ငံတွေ အပါအဝင် အရှေ့အလယ်ပိုင်းနိုင်ငံ ၁၅ နိုင်ငံမှာ သွားရောက်လုပ်ကိုင်နေကြပြီး အများဆုံး လုပ်ကိုင်နေတဲ့ ထိုင်းနဲ့ မလေးရှားမှာ ကျန်ရှိနေသေးတဲ့ မြန်မာရွေ့ပြောင်း အလုပ်သမားလူဦးရေနဲ့ ပတ်သက်ပြီး အလုပ်သမားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က အခုလို ပြောကြားခဲ့ပါတယ်။

"မြန်မာနိုင်ငံက အလုပ်သမားအများအပြား ထောက်အထားမဲ့ သွားရောက်လုပ်ကိုင်နေတဲ့အတွက် နှစ်နိုင်ငံပူးပေါင်းပြီး တရားဝင်အလုပ်သမားအဖြစ် ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်၊ ထိုနည်းတူ မလေးရှားနိုင်ငံမှာလဲ အထောက်အထားမဲ့ အလုပ်သမားတွေ တစ်သိန်းနီးပါးရှိနေတာကြောင့် တရာဝင်အလုပ်သမားဖြစ်လာအောင် ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ပါတယ် "

မြန်မာနိုင်ငံရဲ့ ရွေ့ပြောင်းအလုပ်သမားတွေရဲ့ အလုပ်အကိုင် အခွင့်အရေးတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာနိုင်ငံတွေရဲ့ အစိုးရတွေနဲ့ ပူးပေါင်းဆောင်ရွက်ကူညီပေးနေတာတွေလုပ်နေတဲ့ မြန်မာနိုင်ငံမှာရှိတဲ့ IOM အဖွဲ့ မန်နေဂျာ ဦးအောင်ကျော်သန်းက RFA ကို အခုလိုပြောပါတယ်။

" ရွှေ့ပြောင်းအလုပ်သမားတွေကို တိုက်ရိုက်အကူအညီပေးတာနဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေကို အကူအညီပေးတယ်ဆိုတဲ့ အပိုင်းနှစ်ခုကို ကူညီဆောင်ရွက်ပေးနေပါတယ် "

ထိုင်းနိုင်ငံမှာရှိတဲ့ ရွေ့ပြောင်းမြန်မာအလုပ်သမား ဦးရေ ၁.၂ သန်းကျော်ကို ၂၀၀၉ ခုနှစ်က စတင်ပြီး ဒီကနေ့ အချိန်ထိ ယာယီအထောက်အထားတွေ ထုတ်ပေးခဲ့ပြီး မလေးရှားနိုင်ငံက မြန်မာအလုပ်သမား ဦးရေ တစ်သိန်းကျော်ကိုလည်း အထောက်အထားတွေ ထုတ်ပေးပြီး ဖြစ်တယ်လို့ အဲဒီအခမ်းအနားမှာ ဝန်ကြီး ဦးမောင်မြင့်က ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။