စစ်ကောင်စီကို ဝေဖန်မှုဖြင့် သုံးလအတွင်း လူ ၁၄၀ ကျော် ဖမ်းဆီးခံရ

၂၀၂၄ ခုနှစ်၊ ဩဂုတ်လကနေ အောက်တိုဘာလအထိ သုံးလအတွင်း စစ်ကောင်စီကို လူမှုကွန်ရက်စာမျက်နှာတွေမှာ ဝေဖန်ရေးသားမှုနဲ့ နိုင်ငံတစ်ဝန်းမှာ ၁၄၃ ဦး ဖမ်းဆီးခံရတယ်လို့ ဒီဂျစ်တယ်လွတ်လပ်ခွင့်ဆိုင်ရာလှုပ်ရှားမှုတွေ လုပ်နေတဲ့ Myanmar Internet Project က နိုဝင်ဘာလ ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

မန္တလေးမြို့တစ်နေရာကို ၂၀၂၄ ခုနှစ်၊ မတ်လအတွင်း တွေ့ရစဉ်။

၂၀၂၄ ခုနှစ်၊ ဩဂုတ်လကနေ အောက်တိုဘာလအထိ သုံးလအတွင်း စစ်ကောင်စီကို လူမှုကွန်ရက်စာမျက်နှာတွေမှာ ဝေဖန်ရေးသားမှုနဲ့ နိုင်ငံတစ်ဝန်းမှာ ၁၄၃ ဦး ဖမ်းဆီးခံရတယ်လို့ ဒီဂျစ်တယ်လွတ်လပ်ခွင့်ဆိုင်ရာလှုပ်ရှားမှုတွေ လုပ်နေတဲ့ Myanmar Internet Project က နိုဝင်ဘာလ ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဩဂုတ်လမှာ ၅၇ ဦး၊ စက်တင်ဘာလမှာ ၅၈ ဦးနဲ့ အောက်တိုဘာလမှာ ၂၈ ဦး ဖမ်းဆီးခံရတာဖြစ်ပြီး သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နာတွေကနေ စစ်ကောင်စီကို ဝေဖန်ရေးသားတာ၊ သတင်းဌာနစာမျက်နှာတွေမှာ မှတ်ချက်ပေးတာတွေ လုပ်ခဲ့တာကြောင့်လို့ ဆိုပါတယ်။

အခုလတွေအတွင်း စစ်ကောင်စီဟာ လူသုံးများတဲ့ TikTok လူမှုကွန်ရက်စာမျက်နာကို ပစ်မှတ်ထားလာပြီး ဖမ်းဆီးခံရသူတချို့ဟာ TikTok မှာရေးသားပြောဆိုမှုတွေကြောင့်လို့ Myanmar Internet Project အဖွဲ့က ပြောပါတယ်။ ဖမ်းဆီးခံရမှု ဖြစ်ရပ်တွေထဲမှာ မန္တလေးတိုင်းထဲမှာ အများဆုံးဖြစ်ပြီး ဒုတိယက ပဲခူးတိုင်းက ဖြစ်တယ်တယ်လို့ ဆိုပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မန္တလေးမြို့ခံတစ်ဦးကတော့ မြို့ပေါ်မှာ သတင်းပေး တိုင်ကြားမှုတွေကြောင့် ဖမ်းဆီးခံရတာတွေရှိနေတယ်လို့ RFA ကို ပြောပါတယ်။

“တစ်ယောက်နဲ့ တစ်ယောက်က အဆင်မပြေကြတဲ့အခြေအနေမှာ စစ်ကောင်စီကို ဝေဖန်တာမျိုးရေးထားရင် အဲဒါကို မှတ်တမ်းယူပြီး တိုင်ကြတာ။ ရေးလိုက်တဲ့သူက အဖမ်းခံရတယ်။ တချို့ စစ်တပ်ထောက်ခံသူတွေကလည်း အွန်လိုင်းပေါ်မှာ ဘယ်က ဘာရေးတယ်ဆိုပြီး စောင့်ကြည့်ပြီး မှတ်တမ်းယူနေတာလည်း ရှိတယ်”

Myanmar Internet Project အဖွဲ့ကတော့ စစ်ကောင်စီက ဒီဂျစ်တယ်ဖိနှိပ်မှုတွေဆက်ပြီး ကျူးလွန်နေတယ်လို့ ပြောပါတယ်။

ဒီအပြင် ပြည်သူတွေထံ မှန်ကန်တဲ့ သတင်းအချက်အလက်မရအောင်တားဆီးတာနဲ့ အင်တာနက်နဲ့ တယ်လီဖုန်းလိုင်းတွေ ဖြတ်တောက်မှုဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်တယ်လို့ Myanmar Internet Project က မီဒီယာအရေးလေ့လာသူ ဦးဟန်က ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောဆိုပါတယ်။

"အွန်လိုင်းအသုံးပြုပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ကျင့်သုံးကြရာမှာလည်း ဖမ်းဆီးဖိနှိပ်မှုတွေ ရှိနေပြီး သုံးလအတွင်း လူဦးရေ ၁၅၀ လောက်ကို ဖမ်းတယ်ဆိုတာ လူ့အခွင့်အရေးချိုးဖောက်မှု သက်သေပါပဲ"

စစ်ကောင်စီကတော့ ဒီပြောဆိုချက်တွေနဲ့ ပတ်သက်လို့ တစ်စုံတစ်ရာ တုံ့ပြောဆိုတာမရှိပေမဲ့ နိုင်ငံရေးလှုံ့ဆော်ဝါဒဖြန့်သူတွေ၊ အုပ်ချုပ်ရေးယန္တရား ပျက်ပြားအောင်လုပ်သူတွေကို အရေးယူမယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ သတင်းစာတွေကနေတစ်ဆင့် နေ့စဉ်ကြေညာနေပါတယ်။

ဒီသုံးလအတွင်းမှာပဲ မိုဘိုင်းဖုန်းနဲ့ အင်တာနက်ပြတ်တောက်မှုဟာလည်း အနည်းဆုံး အကြိမ် နှစ်ဆယ်အထိရှိခဲ့ပြီး တိုင်းနဲ့ ပြည်နယ် ကိုးခုက မြို့နယ်ပေါင်း ၂၇ မြို့နယ်မှာ ကြုံတွေ့ခဲ့ရတယ်လို့ Myanmar Internet Project အဖွဲ့က ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org