ဆိုရှယ်မီဒီယာစောင့်ကြည့်ရေး အစိုးရရန်ပုံငွေကိစ္စ


2018.11.20

 

အစိုးရက ဖွဲ့စည်းဆောင်ရွက်နေတဲ့ ဆိုရှယ်မီဒီယာလူမှုကွန်ရက် စောင့်ကြည့်ရေးအဖွဲ့နဲ့ ပတ်သက်လို့ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်းက ဒီနေ့ ပြည်သူ့လွှတ်တော်မှာ မေးမြန်းခဲ့ပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် မသက်စုအောင် တင်ပြထားပါတယ်။

လူမှုရေးမီဒီယာ စောင့်ကြည့်ရေးအဖဲ့ွ SMMT ရဲ့ လုပ်ငန်းစဉ်တွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပေးထားတဲ့ နိုင်ငံသားတွေရဲ့ မူလအခွင့်အရေးဆိုင်ရာ ပုဒ်မတွေ၊ ဆက်သွယ်ရေးဥပဒေပုဒ်မတွေနဲ့ ငြိစွန်းနိုင်ခြေရှိ၊ မရှိ သိရှိလိုကြောင်း ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်းက ဒီနေ့ လွှတ်တော်မှာ မေးမြန်းခဲ့ပါတယ်။

ဒါ့အပြင် အဲဒီလုပ်ငန်းစဉ်အတွက် လိုအပ်တဲ့ နည်းပညာနဲ့ စက်ကိရိယာတွေကို ဘယ်အဖွဲ့အစည်းက အသုံးပြုနေ သလဲဆိုတာနဲ့ လိုအပ်တဲ့ငွေကြေးကို သမ္မတရဲ့ အထူးရန်ပုံငွေကနေ သုံးစွဲနေတဲ့အပေါ် မူဝါဒနဲ့ ကိုက်ညီမှု ရှိ မရှိလည်း ရှင်းပြဖို့ တင်ပြခဲ့ပါတယ်။

ဒေါက်တာမောင်သင်းရဲ့ မေးမြန်းချက်ကို ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးက လာရောက်ဖြေကြားရာမှာ နိုင်ငံတော်လုံခြုံရေး၊ ရပ်ရွာတည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေကို အလျင်အမြန်လုပ်ဆောင်နိုင်ဖို့အတွက် မဖြစ်မနေ အရေးပေါ်သုံးစွဲဖို့ လိုအပ်တာကြောင့် နည်းပညာနဲ့ စက်ပစ္စည်းတွေဝယ်ယူဖို့ သမ္မတအထူးရန်ပုံငွေကနေ ငွေကျပ်သန်း ၆၄၀၀ ကျော်ကို ဥပဒေနဲ့အညီ ရယူသုံးစွဲ ခဲ့တာဖြစ်ကြောင်း ရှင်းလင်းဖြေကြားခဲ့ပါတယ်။

ဒေါက်တာမောင်သင်းက အဲဒီအဖွဲ့ဟာ အမုန်းစကားပြန့်ပွားမှုကို တားဆီးဖို့ ကြိုးစားတယ်ဆိုပေမယ့် မြန်မာနိုင်ငံမှာ လူဦးရေ ၈၀ ရာခိုင်နှုန်းလောက် ကိုးကွယ်နေတဲ့ ဗုဒ္ဓဘာသာကို ဆိုရှယ်မီဒီယာပေါ်မှာ တိုက်ခိုက်တာတွေကို အဲဒီအဖွဲ့က အရေးယူတာ မတေ့ွရကြောင်း မေးခွန်းမေးမြန်းစဉ် ထည့်သွင်းထောက်ပြခဲ့ပါတယ်။

ဘာသာရေး၊ လူမျိုးရေးမုန်းတီးမှုတွေ ဖြစ်ပေါ်အောင် လှုံ့ဆော်ရေးသားမှုတွေကို မတားဆီးနိုင်သေးတဲ့အပေါ် ဒုတိယဝန်ကြီး ဦးကျော်မျိုးက အခုလို ပြောပါတယ်။

"မတားဆီးနိုင်ဘူးဆိုတာက အခုချိန်ထိ ဖေ့စ်ဘွတ်လည်း နိုင်ငံတကာမှာ ဝေဖန်ခံနေရတာပဲလေ။ မြန်မာနိုင်ငံ မှာဖြစ်တဲ့ ပဋိပက္ခတွေက သူ့ကြောင့်ဖြစ်တယ်လို့လေ။ ဒါကတော့ ကျယ်ပြန့်တယ်လေ။ စိတ်ရှည်ရှည်ထား။ သဘောက ဒီနှစ်မှ စလုပ်တာ၊ ဒါတွေက အဆင့်မြင့်တဲ့နည်းပညာတွေဖြစ်လို့ ကျွမ်းကျင်လာတာနဲ့အမျှ ထိရောက်မှုရှိလာမှာ။ အဲအချိန်ကျရင် အများပြည်သူကို အသိပေးသင့်တာတွေ အသိပေးသွားမယ်။"

လွှတ်တော်အစည်းအဝေးအပြီး ဒီနေ့ လွှတ်တော်မှာ ဒီမေးခွန်းတင်ပြရတဲ့အကြောင်းရင်းကို RFA က မေးမြန်းရာမှာ ဒေါက်တာမောင်သင်းက အခုလိုပြောပါတယ်။

"hate speech တွေကို ထိန်းမယ်ဆိုပေမယ့် တချို့ဟာတွေမှာ ဗုဒ္ဓဘာသာ ဘုရားပုံတွေ၊ ဆရာတော်ဘုရားပုံတွေ ကို မတော်မတရား တင်ထားတာတွေလုပ်တယ်။ သူတို့က ထိန်းတယ်လို့လည်း ပြောတယ်။ ဒါပေမဲ့ ထင်ရှားတဲ့ အကောင့်တွေ ကျန်နေတယ်။ ဆိုလိုတာက ဘယ်လိုတည့်တည့်မတ်မတ် လုပ်နေတယ်ဆိုတာကို သိချင် လို့မေးတာ"

ဒုတိယဝန်ကြီး ဦးကျော်မျိုးက SMMT အဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေနဲ့၊ ဝန်ထမ်းအင်အား ဘယ်လောက်ရှိတယ်ဆိုတဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မဖြေကြားခဲ့ပါဘူး။

ဒုတိယဝန်ကြီးရဲ့ လွှတ်တော်တွင်း ဖြေကြားချက်နဲ့ပတ်သတ်ပြီး ဘဝင်မကျဘူးလို့ မေးခွန်းမေးမြန်းသူ ဒေါက်တာမောင်သင်းက ပြောပါတယ်။

"ဘဝင်မကျဘူး။ ဆိုလိုတာကတော့ သူကတော့ ဥပဒေစည်းမျဉ်းစည်းကမ်းနဲ့ အကုန်ညီတယ် ပြောတယ်။ ဒါပေမဲ့ ဘာဖြစ်လဲဆိုတော့ မေးခွန်းထဲမှာလည်းပါတယ်။ ခြေဥမှာပါတဲ့ ပုဒ်မ ၃၅၃ မှာ လူပုဂ္ဂိုလ်ရဲ့လွတ်လပ်ခွင့်။ စဉ်းစား ကြည့်လေ တာဝန်ရှိတဲ့လူတွေက နောက်ယောင်ခံလိုက်တာကို လူပုဂ္ဂိုလ်ရဲ့လွတ်လပ်ခွင့်ကို ထိခိုက်ပါတယ်ဆိုပြီး ဖျက်လိုက်တယ်လေ။ ဒါ တာဝန်ရှိသူကနော်။ တခြားလူက လိုက်တာမဟုတ်ဘူး။ အဲဒါကိုတောင် ဖျက်လိုက်တယ်။ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(က)မှာ ပိုင်ရှင်မသိဘဲ စီမံခန့်ခွဲသူမရှိရင် ဝင်မစွက်ဖက်ရဆိုတာ ပါတယ်လေ။ သူတို့က နိုင်ငံတော်လုံခြုံရေးလို့ ပြောတယ်။ ဒါပေမယ့် ဒါတွေနဲ့ ဆန့်ကျင်နေတာကိုတော့ ထည့်မပြောသွားဘူး။"

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ဂန့်ဂေါမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်က လူမှုကွန်ရက်မှာ အမုန်းစကားဖြန့်ဝေတာတွေ စောင့်ကြည့်ထိန်းသိမ်းဖို့ အဆိုတခု တင်သွင်းခဲ့ပါတယ်။

အဲဒီအဆိုအရ လူမှုကွန်ယက်စောင့်ကြည့်ရေးအဖွဲ့ကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလမှာ စတင်ဖွဲ့စည်းဆောင်ရွက် ခဲ့တာဖြစ်ပါတယ်။

ဆိုရှယ်မီဒီယာ လူမှုကွန်ယက်စောင့်ကြည့်ရေးအဖွဲ့ SMMT ရဲ့ လုပ်ဆောင်ချက်တွေကို သင့်တော်တဲ့ အချိန်မှာ လွှတ်တော်ကို တင်ပြမယ်လို့လည်း ဒုတိယဝန်ကြီး ဦးကျော်မျိုးက ပြောပါတယ်ခင်ဗျာ။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။