အသက် ရှစ်ဆယ်ကျော်ပေမဲ့ ဆိုက်ကားနင်းနေဆဲဖြစ်တဲ့ ပင်စင်စား ဦးစံအေး

RFA Burmese
2024.12.30
အသက် ရှစ်ဆယ်ကျော်ပေမဲ့ ဆိုက်ကားနင်းနေဆဲဖြစ်တဲ့ ပင်စင်စား ဦးစံအေး ရန်ကုန်တိုင်း၊ သာကေတမြို့နယ်တွင် ဆိုက်ကားနင်းနေသည့် ဦးစံအေးအား ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရန်ကုန်မြို့ရဲ့ လမ်းမတွေမှာ ဆိုက်ကားကို ကျွမ်းကျင်ပိုင်နိုင်စွာနင်းပြီး ခရီးသည်တွေကို လိုရာခရီးရောက်အောင် ပို့ပေးနေသူကတော့ အသက် ၈၂ နှစ်အရွယ် ဦးစံအေးပါ။

ဆိုက်ကားနင်းတဲ့အလုပ်က သူ့အတွက် ကျန်းမာရေးကောင်းပြီး သမ္မာအာဇီဝကျတဲ့ အလုပ်လို့ ခံယူထားပါတယ်။ အဲဒါကြောင့် သူ့အသက် လေးဆယ်ကျော် အရွယ်ကတည်းက ဆိုက်ကားနင်းပြီး ဝမ်းရေးဖြေရှင်းခဲ့သူပါ။

“ကိုယ့်စားဝတ်နေရေးအတွက် လုပ်ကိုင်မစားတတ်တော့ ဆိုက်ကားလေး ခွနင်းရတာ။ သမ္မာအာဇီဝ ကျတယ်လေ"

တစ်နေကုန်ဆိုက်ကားနင်းပြီး အိမ်ပြန်ချိန်မှာတော့ ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်ပါတယ်။ ဒါကြောင့်ပဲ ဦးစံအေးဟာ ကျန်းမာသန်စွမ်းပြီး လက်ရှိအချိန်အထိ ဆိုက်ကားနင်းနိုင်တာလို့ ပြောပါတယ်။ ဒါပေမဲ့ အသက်ကြီးလာတဲ့အတွက် အရင်လို စိတ်ရှိတိုင်းလုပ်နိုင်ဖို့ကတော့ သူ့အတွက် ခက်ခဲလာပါတယ်။

“အခုလား မှန်တမ်းပဲ ရတယ်။ မှန်တမ်းဆိုတာ ဒီလို မှန်မှန်လေးသွားတာ။ ဟိုတုန်းကဆို အဲဒီလိုမဟုတ်ဘူး။ ဟာ သူ့ထက်ငါ တစ်ခါတည်း ဝှီးခနဲ ဝှီးခနဲ အတင်းနင်းကြတာ။ အဲဒီလို။ အခုတော့ စိတ်ပဲရှိတယ်။ အဲဒီလို မနင်းနိုင်တော့ဘူး။ အသက်က စကားပြောသွားတာလေ”

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်တွင် ဆိုက်ကားနင်းနေသည့် ဦးစံအေးအား မိသားစုနှင့်အတူ  ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ရန်ကုန်တိုင်း၊ သာကေတမြို့နယ်တွင် ဆိုက်ကားနင်းနေသည့် ဦးစံအေးအား မိသားစုနှင့်အတူ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ဦးစံအေးဟာ သာကေတမြို့နယ် ရန်ပြေ ၃ ရပ်ကွက်မှာ နေပါတယ်။ သူ့မှာ သမီးတစ်ဦးနဲ့ ကျောင်းနေအရွယ် မြေးနှစ်ဦး ရှိပါတယ်။ သူ့အသက် နှစ်ဆယ်ဝန်းကျင်ကစပြီး ရန်ကုန်မြို့က ချည်မျှင်နဲ့ အထည်စက်ရုံမှာ ၂၈ နှစ် ကြာ အလုပ်လုပ်ခဲ့ပါတယ်။

အဲဒီနောက် ကျန်းမာရေးကြောင့် ဆေးပင်စင်ယူပြီး ဆိုက်ကားနင်းတဲ့အလုပ်ကို စွဲစွဲမြဲမြဲ လုပ်ကိုင်လာတာပါ။ အရင်က သူဆိုက်ကားနင်းလို့ရတဲ့ငွေဟာ တစ်နေ့ကို ကျပ်နှစ်သောင်းဝန်းကျင်အထိ ရှိပါတယ်။

အခုတော့ သုံးဘီးဆိုင်ကယ်တွေ များလာသလို လူအများစု စီးပွားရေးကျပ်တည်းလာတာကြောင့် ဆိုက်ကား စီးသူ နည်းလာတယ်လို့ ပြောပါတယ်။ အရင်က ဆိုက်ကား ၂၁ စီးရှိတဲ့ သူရဲ့ဂိတ်မှာ အခုဆိုရင် ဆိုက်ကား ငါးစီးပဲ ကျန်ပါတော့တယ်။ အဲဒါကြောင့် ဆိုက်ကားအုံနာခ ကျပ် ရှစ်ရာဖယ်ပြီး တစ်နေ့ကို ကျပ်တစ်သောင်းကျော် ရဖို့ တောင် ဦးစံအေးအတွက် ခက်ခဲလာပါတယ်။

“ကိုယ့်စားဝတ်နေရေးအတွက် လုပ်ကိုင်မစားတတ်တော့ ဆိုက်ကားလေး ခွနင်းရတာ။ သမ္မာအာဇီဝ ကျတယ်လေ။ အခုပဲ ဟိုနား ဒီနားသွားရင် တစ်ထောင်။ တစ်ထောင်ဆိုတာ လက်ဖက်ရည်တစ်ခွက်ဖိုးပဲ ရှိတယ်။ အခု ငွေကြေးနဲ့က ဘာမှတန်ဖိုးမရှိဘူး။ ဒါပေမဲ့ ရှာလို့လွယ်လားဆိုတော့ ရှာလို့မလွယ်ဘူး။ နာရီဝက်စောင့်လို့ တစ်ထောင်မရဘူး။ တစ်ခါတလေ တစ်နာရီလောက်မှ ရတယ်။ တစ်ခါတလေ တစ်နာရီတောင် ကျော်သေးတယ်။ တစ်ထောင်ရဖို့ အရေးကို။ ရှာလို့ မလွယ်ဘူး။ ဒါ အသုံးတော့ မခံဘူး။ ဒါကို ဘာလို့လုပ်လဲဆိုတော့ ဒီလိုမှ မနင်းရင် ကျန်တဲ့အလုပ်က ပိုဆိုးတယ်။ ကိုယ့်အသက်အရွယ်နဲ့ ဘာမှ မလုပ်တတ်ဘူး”

ဦးစံအေး ဆိုက်ကားနင်းလို့ ရတဲ့ငွေထဲက တစ်ရက်ကို ငွေကျပ်လေးထောင်နဲ့ ပင်စင်လစာရတဲ့ ကျပ် ရှစ်သောင်းထဲက တစ်ဝက်ကို အိမ်စရိတ်အဖြစ် ပုံမှန်စုပါတယ်။ ကျန်တာကတော့ သူ့ရဲ့ တစ်နေ့တာ အသုံးစရိတ်နဲ့ မြေးနှစ်ဦးအတွက် မုန့်ဖိုးအဖြစ် သုံးတယ်လို့ ဦးစံအေးက ပြောပါတယ်။


ဆယ်နွှယ်သောသတင်းများ

ခိုစာရောင်းရင်း ဘ၀ကို ရုန်းကန်နေရတဲ့ ဒေါ်ညို

ဝမ်းရေးအတွက် ထင်းခုတ်ရုန်းကန်နေတဲ့ သက်ကြီး ဇနီးမောင်နှံ

ထိုင်းနိုင်ငံမှာ အခက်အခဲကြုံတွေ့နေတဲ့ သက်ကြီးဇနီးမောင်နှံ


အသက် ၄၈ နှစ်အရွယ် ဒေါ်အေးအေးသက်ကတော့ ဦးစံအေးရဲ့ သမီးပါ။ ဖခင်ဖြစ်သူကို ဆိုက်ကားမနင်းဖို့ တားပေမဲ့ မိသားစု စီးပွားရေး အဆင်မပြေတာကြောင့် အနားမယူဘဲ ဆိုက်ကား ဆက်နင်းနေတာလို့ ဒေါ်အေးအေးသက်က ပြောပါတယ်။

“သူက ငါက လုပ်မယ်သမီးတဲ့။ အလုပ်မလုပ်လို့ မရဘူးတဲ့။ အလုပ်လုပ်မှတဲ့။ အခုအချိန်မှာ ငါးယောက်ရှိရင် ငါးယောက် ထွက်လုပ်ရမှာတဲ့။ စားဝတ်နေရေး အဆင်မပြေဘူးတဲ့။ မကြီးတို့ အဆင်မပြေတော့လေ တစ်ဖက် ကနေ သူလည်း အဆင်ပြေအောင် ရတဲ့အလုပ်လေးလုပ်။ လုပ်ပြီးတော့ သူ့မြေးလေးတွေ မုန့်ဖိုးပေး။ လိုတာ လေးတွေ ထောက်ပံ့တာပေါ့ အစ်မတို့ကို။ အစ်မလည်း ဒီလိုပဲ လိုက်လုပ်နေရတာပဲအလုပ်။ ကြုံတဲ့အလုပ်ပေါ့ မောင်လေးရယ်။ နင့်အစ်ကိုကြီးကတော့ အဲဒီလို လေ အဲလိုဖြစ်သွားတော့ ခါတိုင်းလို အလုပ်မလုပ်နိုင်ဘူး”

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်တွင် ဆိုက်ကားနင်းနေသည့် ဦးစံအေးအား ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ရန်ကုန်တိုင်း၊ သာကေတမြို့နယ်တွင် ဆိုက်ကားနင်းနေသည့် ဦးစံအေးအား ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

အသက် ၆၁ နှစ်အရွယ် ဦးကံချွန်ကတော့ ဦးစံအေးတို့ ဆိုက်ကားဂိတ်မှာ ဆိုက်ကားနင်းပါတယ်။ ဦးစံအေးဟာ နေမကောင်းချိန်မှာတောင် ဆိုက်ကားနင်းဖို့ အချိန်မှန်လာတယ်လို့ သူက ပြောပါတယ်။ ခရီးသည်တချို့ကတော့ အသက်ကြီးနေတဲ့ ဦးစံအေးရဲ့ဆိုက်ကားကို အားနာပြီး မစီးကြတာရှိတယ်လို့ ဦးကံချွန်က ပြောပါတယ်။

“မနက်ဆို ၅ နာရီခွဲလောက် ထွက်ပြီ။ နေ့ခင်းဘက်ဆိုရင်တော့ သူက ထမင်းစားပြီး ခဏလေး နားတယ်။ ညနေ လေးနာရီကျော်ရင် သိမ်းပြီပေါ့။ သူက လူငယ်တွေနဲ့အတူတူ နင်းနိုင်တုန်းပါပဲ။ တချို့ကျတော့လည်း အသက်ကြီးတော့ အားနာပြီး မစီးဘူးပေါ့”

သမ္မာအာဇီဝကျတဲ့ အသက်မွေးဝမ်းကျောင်းမှုကသာ တန်ဖိုးအရှိဆုံးလို့ ခံယူထားတဲ့ ဦးစံအေးကတော့ သူ့မိသားစုရဲ့ စားဝတ်နေရေးအတွက် သူ့ရဲ့ကျန်ရှိနေတဲ့အချိန်တွေကို ဆိုက်ကားပြီး ဆက်လက်ကျော်ဖြတ်ရဦးမှာ ဖြစ်ပါတယ်။

“ကိုယ့်လုပ်အားပေါ်မှာ မူတည်ပြီးတော့ သမ္မာအာဇီဝနဲ့ ရှာဖွေစားတာ။ တစ်ခုရှိတယ် ငါတို့က အလုပ်လုပ်တဲ့အချိန်မှာ အကုသိုလ်နဲ့ ကုသိုလ်ခွဲထားတာ။ မကောင်းတာ ဘာမှမလုပ်ဘူး။ မဟုတ်တာပါတဲ့ သူများအသက်ကို မသတ်ဘူး။ သူများဥစ္စာကို မခိုးဘူး။ လိမ်လည်မပြောဘူး။ သူများသားမယားကို မပြစ်မှားဘူး။ သူများအသက်ကို မသတ်ဘူး။ သမ္မာအာဇီဝနဲ့ ရှာစားတာ”

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။