ဝမ်းရေးအတွက် ထင်းခုတ်ရုန်းကန်နေတဲ့ သက်ကြီး ဇနီးမောင်နှံ

2024.04.09
ဝမ်းရေးအတွက် ထင်းခုတ်ရုန်းကန်နေတဲ့ သက်ကြီး ဇနီးမောင်နှံ ထင်းခုတ်ပြီး အသက်မွေးဝမ်းကျောင်းပြုနေသည့် ဦးမြင့်စိုးတို့ ဇနီးမောင်နှံအား ၂၀၂၄ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်၊ လိပ်သောင်ရေကျော် ကျေးရွာမှာ နေထိုင်တဲ့ အသက် ၆၈ နှစ်အရွယ် ဦးမြင့်စိုးဟာ ထင်းခုတ်ရောင်းပြီး ဝမ်းရေးဖြေရှင်းနေရသူပါ။

"တောင်ဝှေးနဲ့ သွားခုတ်တာပေါ့၊ ခါချဥ်ရှိရင် မခုတ်တော့ဘူး။ ပြန်ပြေးတာပဲ။ ခါချဥ်ကျဲသွားရင် လွှနဲ့အတင်းထိုးလှဲထားခဲ့။ နှစ်ရက်၊ သုံးရက်လောက်အကြာမှ ခါချဥ်ပြေးသွားရင် သွားခုတ်။ အဲဒီလို လုပ်ရတာ။ ကိုယ်စားဖို့နဲ့ ရောင်းဖို့နဲ့ ချိန်ဆရတာ"

"အသက်ပိုင်းကလည်း ကြီးပြန်။ ကျောထောက်နောက်ခံလည်း မရှိဘူးဆိုတော့ ကျန်းမာရေးကလည်း မကောင်းမွန်ဘူးပေါ့"

အရင်က ဘိုကလေးမြို့နယ်၊ ဘောဂဝတီ ကျေးရွာမှာနေပြီး ရေလုပ်ငန်း လုပ်နေရာကနေ လုပ်ငန်းအရှုံးပေါ်လို့ ဒီရွာကို ပြောင်းရွှေ့လာတာပါ။

သူတို့မှာ သားတစ်ဦးရှိပေမယ့် လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကတည်းက ပင်လယ်ထဲမှာ မုန်တိုင်းမိပြီး ပျောက်ဆုံးသွားတာကြောင့် သူတို့ဇနီးမောင်နှံနှစ်ဦးဟာ ဝမ်းရေးအတွက် ထင်းခုတ်ပြီး ဘဝကို ဆက်လက်ရုန်းကန်နေကြပါတယ်။

ဦးမြင့်စိုးဟာ သွေးပျစ်တဲ့ရောဂါဝေဒနာ ခံစားနေရပေမယ့်လည်း နေ့စဉ် ထင်းအစည်း ငါးဆယ်ရောင်းရဖို့ ရုန်းကန်ရပါတယ်။ ထင်းတစ်စည်းကို ငွေကျပ်ငါးဆယ်ရလို့ ထင်းအစည်း ၅ဝ ရောင်းရရင် သူ့အတွက် ငွေကျပ် ၂၅၀၀ ရပါတယ်။

အသက် ၄၇ နှစ်အရွယ် ဒေါ်အေးအေးတို့ မိသားစုကတော့ ဦးမြင့်စိုးတို့ ဇနီးမောင်နှံကို ကူညီပေးနေတာပါ။

"ထင်းတွေဘာတွေဆို ဘယ်လိုလုပ်ပေးလည်းဆိုတော့ မကြီးတို့ တောထဲမှာ ထင်းတွေဘာတွေ သွားပိုင်းပြီးတော့ ကဲ့ပြီးတော့ လာပြီးတော့ ပုံပေးတာပေါ့။ အဲဒီလိုလုပ်ကိုင်ပေးရတာပေါ့။ အိမ်ကြတော့ အဲလိုပဲ ပိုင်းတစ်ပြီးတော့ တဖြည်းဖြည်း မခွဲနိုင်လည်းခွဲ။ ခွဲနိုင်လည်းခွဲပေါ့"

ထင်းခုတ်ပြီး အသက်မွေးဝမ်းကျောင်းပြုနေသည့် ဦးမြင့်စိုးအား ၂၀၂၄ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့က တွေ့ရစဉ်။ (Photo RFA)
ထင်းခုတ်ပြီး အသက်မွေးဝမ်းကျောင်းပြုနေသည့် ဦးမြင့်စိုးအား ၂၀၂၄ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့က တွေ့ရစဉ်။ (Photo RFA)

လိပ်သောင်ရေကျော်ကျေးရွာမှာ အသက်ခုနစ်ဆယ်ကျော် လူကြီး ဆယ်ယောက်ကျော်ရှိပါတယ်။ အဲဒီအထဲမှာ ဦးမြင့်စိုးတို့ ဇနီးမောင်နှံက သားသမီးလည်းမရှိသလို ကျန်းမာရေးပါချို့တဲ့တာကြောင့် ရွာခံတွေက ဝိုင်းဝန်းကူညီကြပါတယ်။

"အသက်ပိုင်းကလည်း ကြီးပြန်။ ကျောထောက်နောက်ခံလည်း မရှိဘူးဆိုတော့ ကျန်းမာရေးကလည်း မကောင်းမွန်ဘူးပေါ့။ ဒီကြားထဲမှာ စားရရုံတောင်မှ မနည်းဆိုသလို သူတို့ လုပ်ကိုင်နေတာပေါ့လေ။ ကိုယ်တွေက ဘေးမှာဝယ်မယ့်အတူတူ သူတို့ဆီကို အားပေးလိုက်တဲ့အခါကျတော့ သူတို့မှာ စားဖို့ပြေလည်ပါစေဆိုတဲ့ သဘောလေးနဲ့ ဝယ်တာပေါ့လေ"

ဦးမြင့်စိုးကတော့ သူ့ရဲ့လက်ကျန်အချိန်တွေကို အေးအေးချမ်းချမ်းနဲ့ ဖြတ်သန်းနိုင်ဖို့ မျှော်လင့်နေတာပါ။

"အေးအေးငြိမ်းငြိမ်းနဲ့ ဘဝလမ်းတစ်ခုကို ဖြတ်လျှောက်ချင်တယ်။ လူများတကာကို မကောင်းတဲ့အမြင်လည်း မထားတော့ဘူး။ ကိုယ်စားမယ်။ အိပ်မယ်။ နေမယ်။ ဘုရားလမ်းကြောင်းနဲ့ အဲဒါပဲ စဥ်းစားတယ်။ တို့ တိုက်ကြီးတွေ၊ ကားကြီးတွေ၊ မော်တော်ကြီးတွေလည်း မမှန်းတော့ပါဘူး။ မှန်းလို့မှ မရတာ"

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။