ဖျာပုံမြို့က သက်တမ်းရှည်ရာမာယဏဇာတ်ဖျော်ဖြေမှု ထိန်းသိမ်းဖို့ခက်ခဲလာ
2023.12.13

ဧရာဝတီတိုင်း ဖျာပုံမြို့ဟာ နန်းတွင်းမြန်မာ ရာမာယဏဇာတ်ပွဲဖျော်ဖြေမှုနဲ့ နာမည်ကြီး ပါတယ်။ ရာမာယဏဇာတ်ကပြရင် မြို့သူမြို့သားတွေ ဘေးအန္တရာယ်ကင်းတယ်ဆိုတဲ့ ယုံကြည်မှုနဲ့ နှစ်တိုင်း မပျက်မကွက်ကနေတာ အခုဆိုရင် ၁၄၅ နှစ် ရှိပါပြီ။ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်နေ့ရောက်တိုင်း ဆရာတပည့် အဆက်ဆက် လက်ဆင့်ကမ်းကပြခဲ့တာ အခုဆိုရင် မျိုးဆက် ၇ ဆက်အထိရှိပါပြီ။
ရာမာယဏဇာတ်မှာ အခန်းပေါင်း ၉၄ ခန်းရှိတာကြောင့် အရင်ကတော့ ၄၅ ရက်အထိ ကပြရတာပါ။ နောက်ပိုင်းမှာ ၉ ရက် ၉ ညကပြကြပါတယ်။
"ဘေးအန္တရာယ်ကင်းရှင်းအောင် ကျွန်တော်တို့တွေ အားလုံးဟာ တာဝန်ကြီးတစ်ခုအနေနဲ့ ကပြရတာ"
ရာမာယဏဇာတ်ကို ဒုတိယကမ္ဘာစစ်ကာလ ဂျပန်ခေတ်မှာတောင် မပျက်မကွက် ကပြခဲ့ပါတယ်။ ၈၈ အရေးတော်ပုံနဲ့ နာဂစ်မုန်တိုင်း တိုက်ခဲ့လည်း အစဉ်အလာ မပျက်ကပြခဲ့ကြတာပါ။ အဲဒီနောက် ကိုဗစ်ကပ်ရောဂါကာလမှာရော၊ စစ်အာဏာ သိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာပါ ရွှေနတ်ကူဘုရားမှာ တံခါးပိတ်ပြီး ၁ ရက်ကပြခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် မှာတော့ ရာမဇာတ်ရုံမှာ ၁ ရက်ကပြခဲ့သလို အခုနှစ် မှာတော့ နိုဝင်ဘာလ ၂၈ ရက်ကနေ စပြီး ၃ ရက် ကပြခဲ့ပါတယ်။ အဲဒီလို ဖျာပုံမြို့သူမြို့သားတွေ မျိုးရိုးစဉ်ဆက် ထိန်းသိမ်းခဲ့ကြပေမယ့် လက်ရှိမှာတော့ အားပေးထောက်ပံ့မှုနည်းလာသလို တိုင်းပြည် အခြေအနေကြောင့် အစဉ်အလာမပျောက်အောင် ထိန်းသိမ်းဖို့ ခက်ခဲလာတယ်လို့ ဖျာပုံရာမာယဏ ဇာတ်ရဲ့ ဥက္ကဋ္ဌ ဦးဇော်ဦး က ပြောပါတယ်။
"ကိုဗစ်ကျန်းမာရေး ပေါ်လာတယ်။ နိုင်ငံရေးကိစ္စတွေ ပေါ်လာတယ်။ က ဖြစ်တဲ့ ရက်တွေကလည်း လျော့နည်းလာတယ်။ ရန်ပုံငွေတွေကလည်း ရှားပါးလာတယ်။အလုပ်အကိုင်တွေကလည်း ရှားပါးလာတယ်။ နောက်တစ်ခု တိုင်းတစ်ပါးရဲ့ ယဉ်ကျေးမှုတွေ ထိုးနှက်လာကြတယ်။ အဲဒီအပေါ်မှာ မပျောက်ကွယ်အောင် ထိန်းကျောင်းရတာ အင်မတန်ခက်ခဲပါတယ်"
ရာမာယဏဇာတ်ကို ရေရှည်ထိန်းသိမ်းဖို့ဆိုရင် ဖျာပုံမြို့က လုပ်ငန်းရှင်တွေနဲ့ အနုပညာသမားတွေရဲ့ အကူအညီတွေ လိုတယ်လို့ သားနှစ်ယောက်ဖခင်၊ အသက် ၅၃ နှစ်အရွယ် ဦးဇော်ဦးက ပြောပြပါတယ်။ သူဟာ ရာမာယဏ ဇာတ်ရဲ့ လက်ဝဲလိုင်းဖြစ်တဲ့ ဒဿဂီရိဘီလူးအက အဖွဲ့ရဲ့ ဦးဆောင်သူ တစ်ဦးပါ။ သူက ဒဿဂီရိအကနဲ့ နိုင်ငံတော် အဆင့် ရွှေတံဆိပ်ဆုရှင်ဖြစ်ပါတယ်။ အခုနှစ်မှာလည်း ရာမာယဏဇာတ်ကဖြစ်ဖို့သူ ဦးဆောင်ပြီး မတည်အလှူငွေ ၅ သိန်းနဲ့ စီစဉ်ခဲ့တယ်လို့ ပြောပါတယ်။
သူတို့ကတဲ့ ဒဿဂီရိဘီလူးနဲ့ ပတ်သက်လို့ ကိုးကွယ်ယုံကြည်မှုတစ်ခုအနေနဲ့ပါ စင်နဲ့ထားပြီး ကိုးကွယ်ကြပါတယ်။ ရာမာယဏဇာတ်ဟာ တစ်နှစ်ပျက်သွားတာနဲ့ သက္ကရာဇ် တစ်ခုကိုတစ်ကနေပြန်စရတာဖြစ်လို့ အစဉ်အလာမပျက်အောင် နှစ်စဉ်ကပြရတာလို့ ပြောပါတယ်။
"အဓိကတော့ ဘေးအန္တရာယ်ကင်းရှင်းရေးပေါ့။ ဘေးအန္တရာယ်ကင်းရှင်းအောင် ကျွန်တော်တို့တွေ အားလုံးဟာ တာဝန်ကြီးတစ်ခုအနေနဲ့ ကပြရတာ။နောက်ဆုံး မကဖြစ်တာတောင်မှ ကျွန်တော်တို့ စားတော်ဆက်ပြီး စတိပေါ့ နှစ်တိုင်း။ ဒီဟာတစ်ခု ဒီနှစ်ပျက်သွားလို့ရှိရင် သူက သက္ကရာဇ်ကို ပြန်စရတာကိုး။ ပြန်စရတာဖြစ်တဲ့အတွက် ဒီဟာကို ပခုံးပြောင်းတာဝန်လေးတွေနဲ့ အစဉ်အလာမပျက် တစ်နာရီတတ်နိုင်တတ်နိုင်၊ တစ်ခန်းပဲ တတ်နိုင်တတ်နိုင် ကပြရတာ"
ဦးအောင်ဇော်မိုးရဲ့ဖခင်က အသက် ၇၇ နှစ်အရွယ် ဦးစိန်မြင့်ပါ။ သူကလည်း ဒဿဂီရိနေရာကနေ မျိုးရိုးစဉ်ဆက် ကပြလာသူဖြစ်သလို ခရိုင်အဆင့်၊ တိုင်းအဆင့်နဲ့ နိုင်ငံတော်အဆင့်အထိ ရွှေတံဆိပ် ၃ ဆုရထားပါတယ်။ ရာမာယဏဇာတ်ကို အခကြေးငွေမယူပဲ ကပြတာလို့ ဦးစိန်မြင့် ကပြောပါတယ်။
"ဒီရာမာယဏဇာတ်ဟာ ဘယ်လောက်အထိဂုဏ်ရှိသလဲဆိုရင် မင်းခမ်းမင်းနားပေါ့ဗျာ။ လူကြီးတွေ လာမယ်ဆိုရင် အဘတို့ကို လာဖိတ်တယ်။ ဖိတ်ရင် အဘတို့က ဖျော်ဖြေပေးရတယ်။ ဟိုဒီအရောက် လိုက်မကဘူး။ အခကြေးငွေနဲ့ လိုက်မကဘူး။ အဘတို့က စည်းမဖောက်ဘူး။ ကိုယ့်မြို့သူမြို့သား ဒါပဲကိုယ်က ကတာ။ လျှောက်ပြီးမကဘူး"
လက်ရှိရာမာယဏဇာတ်ရဲ့ လက်ယာလိုင်းဖြစ်တဲ့ လက္ခဏမင်းသားနေရာမှာ သရုပ်ဆောင်တဲ့သူ ကတော့ အသက် ၃၄ နှစ်အရွယ် ကိုဝေဖြိုးအောင် ဖြစ်ပါတယ်။ သူကတော့ ဒီဇာတ်မှာကပြနေတာ ၁၅ နှစ်ရှိပါပြီ။ သူက ရာမာယဏဇာတ်ကို မကရင်မနေနိုင်တဲ့စိတ်ကြောင့် အလုပ်ပြုတ်ခံပြီး ကပြဖျော်ဖြေတယ်လို့ ပြောပြပါတယ်။
"ကျွန်တော်တို့ ထမင်းမစားရသေးလည်း ကျွန်တော်က အဲဒါလုပ်နေရရင် ကျွန်တော်တို့ ကျေနပ်တယ်။ ကျွန်တော်ဆိုရင် မျိုးရိုးစဉ်ဆက်မရှိဘူး။ ဒါပေမဲ့ ငယ်ငယ်လေးထဲက ကျောင်းတက်ပြီးထဲကိုက ဒီရာမဆိုတဲ့ဟာကြီးကို ဘယ်လိုစိတ်ဝင်စားမှန်းကို မသိတာ အစ်ကိုရေ။ အဲလိုဖြစ်နေတာ။ ပြိုင်ပွဲဆိုလည်း ကျွန်တော် ပေးဆပ်ပြီး လိုက်ရတာပဲလေ။ စီးပွားရေးတွေ ပစ်ခဲ့ရတာပဲ။ ကျွန်တော်ဆိုရင် အစက ကုမ္ပဏီမှာလုပ်တာ ခဏခဏအလုပ်ပြုတ်တယ်။ ၉ ညကပြီးရင် ပြုတ်ပြီ။ ၉ ညကပြီးရင် အလုပ်ပြုတ်တယ်။ အဲတော့ နောက်ကိုယ်အလုပ်မပြုတ်အောင်ဆိုပြီး ကျွန်တော် Taxi ကားလေးပဲပေါ့။ မောင်းရတာပေါ့"
ဖျာပုံမြို့က ရာမာယဏဇာတ်ကို ရန်ကုန်အခြေစိုက် အိန္ဒိယသံရုံးမှာ ကပြဖို့ ဖိတ်ကြားခံရတာကြောင့် အခုနှစ် အောက်တိုဘာလ ၂၉ ရက်က ကပြခဲ့ကြပါတယ်။ ရာမယဏဇာတ်မှာပါတဲ့ နန်းတွင်းစာပေတွေကို ရှေးမူအတိုင်းရအောင် အိန္ဒိယသံရုံးက ကွန်ပျူတာနဲ့ မိတ္တူဆွဲပေးသလို အိန္ဒိယ အပါအဝင် နိုင်ငံ ၃ နိုင်ငံမှာ ကပြဖြစ်ဖို့လည်း အစီအစဉ်ရှိတယ်လို့ ဦးဇော်ဦးက ပြောပြပါတယ်။
"ကျွန်တော်တို့ကို ဂုဏ်ပြုမှတ်တမ်းတွေပေးရင်းနဲ့ အိန္ဒိယသံအမတ်ပေါ့လေ။ သံမှူးက ဘာပြောလဲဆိုတော့ ဒီအိန္ဒိယနိုင်ငံရယ်၊ နီပေါရယ်၊ နောက်ပြီးတော့ အင်ဒိုနီးရှားရယ် အဲဒီကပုဂ္ဂိုလ်တွေက သံရုံးအဖွဲ့တွေလည်း ပါပါတယ်။ အဲဒီအရှေ့မှာ သူက ဒီနိုင်ငံတွေကို ဖျာပုံရာမ သွားရောက်ကပြနိုင်ဖို့အတွက် သူတို့တတ်နိုင်သမျှ ကူညီဆောင်ရွက် ပေးမယ်ဆိုတဲ့ဟာပေါ့။ ကျွန်တော်တို့ကို ဒါကို ကတိ စကားလေး ပါးလိုက်တယ်ပေါ့"
ဦးဇော်ဦးတို့ရဲ့ ရာမဇာတ်ကို နှစ်တိုင်းမပျက်မကွက်အားပေးကြည့်ရှုတဲ့ ပရိသတ် တစ်ယောက်ကတော့ အသက် ၆၅ နှစ်အရွယ် ဒေါ်မြင့်ပါ။ အခုတော့ ရာမာယဏ ဇာတ်ကိုကြည့်ရတာ အရင်လိုစိတ်အေး လက်အေးမရှိဘူးလို့ ပြောပါတယ်။
"အရင်တုန်းကတော့ ကြည့်ရတာနှစ်နှစ်ခြိုက်ခြိုက် ရှိတာပေါ့နော်။ ၉ ချီစလုံး ကြည့်နေရတာ။ အခုတော့ နေ့ခင်းဘက်လေးပဲ တအောင့်တဖြုတ်ပေါ့။ အာသာပြေလေးလို အဲလိုကြည့်နေရတာ။ တိုင်းပြည်ကလည်း မငြိမ်ဘူးလို့ ပြောနေကြတော့ ကိုယ်လည်း အဲဒါကြောက်တာ။ ကြောက်တော့ ကြည့်သာကြည့် နေရတယ် စိတ်ကကဗျောက်ကဗျက်ဖြစ်တာပေါ့။ အခုကျတော့ လူငယ်တွေလည်း တော်ရုံတန်ရုံ အပြင်မထွက်ရဲ ဘာမထွက်ရဲဖြစ်နေကြတော့ အရင်လို စည်စည်ကားကားမရှိဘူးပေါ့ သားရယ်"
ဖျာပုံမြို့က ရာမာယဏဇာတ်ဟာ အရပ်သားတွေ ကိုယ်ထူကိုယ်ထစနစ်နဲ့ ကပြဖျော်ဖြေ နေတာဖြစ်လို့ အကူအညီပေးကြဖို့ကိုလည်း ရွှေတံဆိပ် ၃ ဆုရှင် ဦးစိန်မြင့်က တိုက်တွန်းပါတယ်။
"အခုက ကိုယ်ထူကိုယ်ထစနစ်နဲ့ လုပ်နေရတဲ့အခါကျတော့ အဘတို့ရဲ့ ရာမဇာတ်ကြီးကို ဝိုင်းဝန်းပံ့ပိုးနိုင်မယ့် လူပေါ့လေ။ လာပြီးတော့ ဝိုင်းဝန်းပံ့ပိုးပေးပါ။ အဘတို့က ဂုဏ်ယူပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တချို့က ပိုက်ဆံရှိလို့ ကနေတယ် အောက်မေ့ နေတာ။ အဘတို့က မဟုတ်ပါဘူး။ အဘတို့က လက်လုပ်လက်စားတွေပဲ။ ဝိုင်းဝန်းကူညီမယ်ဆိုရင် အဘတို့က အချိန်မရွေး လက်ခံပါတယ်"
ဘုရားလောင်း ရာမမင်းသားကို ဖော်ညွှန်းထားတဲ့ ရာမာယဏဇာတ်တော်မှာပါတဲ့ ခေါင်းတော်တွေ၊ စာပေတွေနဲ့ ဇာတ်ဝတ်စုံတွေကို မင်းတုန်းမင်းလက်ထက် ၁၈၇၇ ခုနှစ်မှာ နန်းတွင်းမြန်မာ ရာမဇာတ် ဦးစီးအဖွဲ့တွေဖြစ်တဲ့ မြေဝိုင်းဆရာမွန်းနဲ့ ရတနာပုံ ဦးမောင်ကြီး ညီအစ်ကိုက ဖျာပုံမြို့ကို သယ်ဆောင်ခဲ့တာပါ။ အဲဒီအချိန်ကစလို့ ၁၈၇၈ ခုနှစ်ကနေ လက်ရှိအချိန်အထိ ဖျာပုံမြို့မှာ ရာမာယဏဇာတ်ကို နှစ်တိုင်းကပြဖျော်ဖြေနေတာဖြစ်လို့ ဖျာပုံမြို့ရဲ့ ဂုဏ်ယူစရာသမိုင်းဝင် အနုပညာတစ်ခုလည်းဖြစ်ပါတယ်။